
စစ်ကိုင်းမြို့၌ ငလျင်ဘေးသင့်ပြည်သူများနှင့်ကလေးငယ်များအားစိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၌ ငလျင်ဘေးသင့်ပြည်သူများနှင့် ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရန်အတွက် စိတ်လူမှုဆိုင်ရာ ပံ့ပိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းမြို့နယ်တွင် မန္တလေးမြေငလျင်ကြီးကြောင့် လူသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ နေအိမ်များပျက်စီးပြိုလဲခြင်းတို့ဖြစ်ပေါ်ခဲ့ရာ အဆိုပါထိခိုက်ခံစားရသည့်ပြည်သူများအား လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)၊ ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်း ဆောင်ရွက်မည့်အဖွဲ့နှစ်ဖွဲ့ဖြင့် စိတ်လူမှုဆိုင်ရာပံ့ပိုးမှု လိုအပ်နေသူများအား တွေ့ဆုံအားပေးပြီး အမျိုးသမီးရှိသော အိမ်ထောင်စုများအတွက် Dignity Kit များနှင့် ကလေးငယ်များရှိသော အိမ်ထောင်စုများအတွက် Child Kit များကို ပေးအပ်ခဲ့ကြသည်။
အလားတူ ငလျင်ဘေးသင့် ကလေးငယ်များကိုလည်း ပျော်ရွှင်စေသည့် အစီအစဉ်များနှင့် Games ကစားနည်းများဖြင့် စုပေါင်းပျော်ရွှင်စွာကစားစေပြီး အဆိုပါစိတ်လူမှုဆိုင်ရာ ပံ့ပိုးခြင်းဆောင်ရွက်မည့် အဖွဲ့များသည် စစ်ကိုင်းမြို့ နှစ်(၇၀၀) ပြည့် အားကစားခန်းမရှိ ငလျင်ဘေးသင့် အိမ်ထောင်စု ၂၁၁ စုနှင့် ငလျင်ဘေး ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများနှင့် ကလေးငယ်များအား စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးငလျင်ကြီးကြောင့် လယ်ယာကဏ္ဍ၌ ထိခိုက်ခဲ့မှုများအား ပြန်လည်ပြုပြင်မွမ်းမံခြင်းကို စိုက်ပျိုးရာသီအချိန်မီ စီမံဆောင်ရွက်လျက်ရှိ
နေပြည်တော် မေ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ညနေပိုင်းက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်မှုများဖြစ်ပေါ်ခဲ့သည့် မိတ္ထီလာ (တောင်ကန်) ကန်ပေါင်အား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှုနှင့် လမ်းဦးစီးဌာနက လမ်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက မိတ္ထီလာ(တောင်ကန်) ကန်ပေါင်ပြန်လည်ပြုပြင် တည်ဆောက်မှုလုပ်ငန်းနှင့်အတူ တာပေါင်ဆင်ခြေလျှောတစ်လျှောက်၌ မြက်ကပ်ခြင်းအပါအဝင် တာပေါင်ရေရှည်ကြံ့ခိုင်ရေးအတွက် လိုအပ်သည့် အင်ဂျင်နီယာလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်ရန်မှာကြားပြီး ကန်ပတ်လမ်းတည်ဆောက်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် မိတ္ထီလာ(တောင်ကန်) ကန်ပေါင်ပြုပြင်ခြင်းလုပ်ငန်းကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ရာ တာပိုးပြုပြင်သည့် မြေကြီးလုပ်ငန်းများပြီးစီးပြီဖြစ်ကာ ကန်ပတ်လမ်းတည်ဆောက်ရေးလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့နယ် ဥယျာဉ်တောကျေးရွာ တောင်သူ့စိုက်ကွင်း၌ နှမ်းသီးနှံမျိုးယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆင်းရတနာ-၃၊ နှမ်းနက် (TBL-BS7)၊ နှမ်းဖြူ(TBL S-1)၊ မကွေး-၁/၁၃၊ ဆင်းရတနာ-၁၄ နှမ်းမျိုးများ ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှုနှင့် ဒေသရေမြေနှင့်ကိုက်ညီပြီး တောင်သူကြိုက်နှမ်းမျိုးများ ရွေးချယ်ဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးတာဝန်ခံများအနေဖြင့် တောင်သူများအား ကွင်းဆင်းကြပ်မတ်တိုက်တွန်းသွားရန်၊ ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီပြီး ပြည်တွင်းစားသုံးဆီဖူလုံရေး အထောက်အကူပြုစေမည့် သီးနှံအထွက်နှင့် ဆီအထွက်နှုန်းကောင်းမွန်သည့် နှမ်းသီးနှံမျိုးကောင်း မျိုးသန့်များကို တောင်သူစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၅ ခုနှစ် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၅ ခုနှစ် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို မေလ (၆)ရက်နေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဗထူးတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း စက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။
ဆုပေးပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများနှင့် ဒိုင်းဆုရရှိသော တောင်ကြီးတပ်နယ်အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ရှစ်သင်း၊ အမျိုးသမီးအသင်း ရှစ်သင်းတို့ဖြင့် ဧပြီ ၂၈ ရက်မှ ယနေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းစီ ပေးအပ်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းစီ ပေးအပ်ခြင်းကို မေလ ၇ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျက ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် (၂၀,၀၀၀) ကျပ်နှုန်းစီ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုက်ပွဲရှောင်ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက်ထောက်ပံ့ငွေများ ပေးအပ်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကျော်ဇေယျနှင့် အဖွဲ့ဝင်များက ကြို့ပင်ကောက်မြို့နယ်အတွင်းနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု (၁၇) စုမှ ဝန်ထမ်း (၉)ဦး၊ ပြည်သူ(၃၁)ဦး စုစုပေါင်း(၄၀)ဦးအား တစ်ဦးလျှင် (၂၀,၀၀၀)ကျပ်နှုန်းစီဖြင့် စုစုပေါင်း ငွေ(၁,၆၀၀,၀၀၀)ကျပ်အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွက် ယာယီနေရပ်စွန့်ခွာ ပြည်သူများ လက်ဝယ်ထံအရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြေငလျင်ဒဏ်ကြောင့် နေအိမ်များ ပြိုကျပျက်စီးခဲ့သည့် အရာရှိ၊ စစ်သည်၊ အရပ်သားဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်
နေပြည်တော် မေ ၇
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် မြေငလျင်ဒဏ်ကြောင့် မိသားစုဝင်နေအိမ်များ ပြိုကျပျက်စီးခဲ့သည့် အရာရှိ၊ စစ်သည်၊ အရပ်သားဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ အရပ်သားဝန်ထမ်းများ တက်ရောက်ကြသည်။
ထောက်ပံ့ငွေများ ပေးအပ်
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် မြေငလျင်ဒဏ်ကြောင့် မိသားစုဝင် နေအိမ်များ ပြိုကျ/ပျက်စီးခဲ့သည့် အရာရှိ၊ စစ်သည်၊ အရပ်သားဝန်ထမ်းများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်