
စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ကျပ် ၆၃၉၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ၊ ဈေးနှုန်းများ ဆက်တိုက်ကျဆင်းလျက်ရှိ
နေပြည်တော် မေ ၂၅
စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။
ပြည်ပမှ စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၃၉၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ CIF စနစ်အရတင်သွင်းနေသည့် စားအုန်းဆီတစ်တန်ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဆက်တိုက်ကျဆင်းလာခဲ့ရာ ပြည်တွင်းတစ်ပိဿာ လက်ကားရည်ညွှန်း ဈေးနှုန်းမှာလည်း အဆိုပါ ငါးလတာကာလအတွင်း ငွေကျပ် ၈၉၀ ကျဆင်းလာကြောင်း သိရသည်။
သတင်းစဉ်

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
နေပြည်တော် မေ ၂၄
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက် အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စေတီများ၊ သာသနိကအဆောက် အအုံများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင် ကုမ္ပဏီများမှပူးပေါင်း၍ စုပေါင်းလုပ်အားပေး ရှင်းလင်းဖယ်ရှားနေမှုနှင့် ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်နေမှုအခြေအနေများကိုလည်းကောင်း၊ စစ်ကိုင်းမြို့ တကောင်းရပ်ကွက် ငလျင်ဘေးဒဏ်သင့် ခရိုင်မီးသတ်ဦးစီးဌာနကို ရုံးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် Modular Office ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လည်းကောင်း၊ စကုမှော်ငလျင်ဘေးဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေး စခန်းသို့လည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပါရမီရပ်ကွက် နှစ် (၇၀၀) ပြည့် အားကစားခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန စစ်ကိုင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်နှင့်အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးအပ်ခြင်းအခမ်းအနားကို တက်ရောက်၍ ပြည်သူများလက်ဝယ်သို့ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့ပြီး နေ့ချင်းပြီးဆောင်ရွက်ပေးနေမှု အခြေအနေများကိုကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် မလေးရှားနိုင်ငံ ဆေးဘက်ဆိုင်ရာ ကုသရေးအဖွဲ့အား စားသောက်ဖွယ်ရာများ ပေးအပ်သည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အင်းဝတံတားသို့ သွားရောက်၍ ယာယီရုံးခန်းဖွင့်လှစ်ထားရှိမှု၊ ယာယီရှင်းလင်းဆောင်တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် မဟာအောင်မြေမြို့နယ်ရှိ ဝိဇ္ဇာလင်္ကာရကျောင်းတိုက်သို့သွားရောက်၍ ဦးစီးပဓာန နာယကဆရာတော်အား ဖူးမြော်ကြည်ညို၍ အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ကျောင်းတိုက်အတွင်းရှိ အလယ်တိုက်ကျောင်းတော်ကြီး၊ ဆွမ်းစားကျောင်းဆောင်နှင့် စာသင်သားကျောင်းဆောင်နေရာများတွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ဉာဏဝတီသီလရှင်စာသင်တိုက် တကောင်းတိုက်သို့လည်းကောင်း၊ အမရပူရမြို့နယ် ဆင်စွယ်ပွတ် ကျေးရွာရှိ သတ္တဌာနဘုရားနှင့် တောင်လေးလုံးကျောင်းတိုက်သို့လည်းကောင်း၊ မှန်တန်းရပ်ရှိ ရှေးဟောင်းသမိုင်းဝင် သံသေကပ်ကျော် ဆုတောင်းပြည့်မြတ်စွာဘုရားသို့လည်းကောင်း၊ ဝါးတန်းမြောက်ရပ်ရှိ သက်တော်ရ၊ သက်တော်ရှည်မြတ်စွာဘုရားသို့လည်းကောင်း သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ အခမဲ့ဆေးပေးခန်းဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းထိုင် ဆရာတော်ကြီးများအား အလှူငွေနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်-မန္တလေး လမ်းမကြီးကို မီးသတ်ယာဉ်များအသုံးပြု၍ ပရိတ်ရေပက်ဖျန်းခြင်းနှင့်အတူ လမ်းမကြီးနှင့် လမ်းဘေးဝဲ/ယာတစ်လျှောက် သန့်ရှင်းရေး ဆောင်ရွက်နေမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
၎င်းနောက် ကျောက်ဆည်မြို့ ဖောင်ရွာရပ်ကွက်ရှိ ကုန်းမြင့်သာစာသင်တိုက်နှင့် ရဲစုရပ်ကွက်ရှိ ဓမ္မရတနာကျောင်းတိုက်တို့ရှိ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံနေမှု အခြေအနေကိုလည်းကောင်း၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရှိ အထက(ကူမဲ)တွင် ယာယီကျောင်းဆောင် အဆောက်အအုံသုံးလုံး ဆောက်လုပ်နေမှုအခြေအနေများကိုလည်းကောင်း၊ ကူမဲမြို့အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားစေတီများ၊ သာသနိက အဆောက်အအုံများနှင့် လူနေအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ လာရောက်ဝယ်ယူသူဦးရေ ၇၃၅ ဦးရှိခဲ့ပြီး ဘိလပ် မြေအိတ် ၃၇၈၃၀၊ ၁၀ မီလီမီတာသံချောင်း ၇၆ တန်၊ ၁၆ မီလီမီတာသံချောင်း ၁၂၃ ဒသမ ၅၀ တန်နှင့် အထပ်သားပြား ၂၄၅၃ ချပ်တို့ကို စက်ရုံ ထုတ် အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) မှ သင်တန်းသားများ၊ နည်းပြအုပ်ချုပ်သူများအား သက်ဆိုင်ရာ သင်တန်းစခန်း အသီးသီးသို့ ပြန်လည်ပို့ဆောင်
နေပြည်တော် မေ ၂၄
အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂၀၂၅) မှ သင်တန်းသားများနှင့် နည်းပြအုပ်ချုပ်သူများသည် ယနေ့တွင် လေ့လာရေးခရီးစဉ်များ ပြီးမြောက်၍ လေကြောင်းလူငယ်သင်တန်းစခန်းများ ဖွင့်လှစ်ခဲ့သည့် ဒေသအသီးသီးသို့ တပ်မတော် လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ရာ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ပြီး သင်တန်းစခန်းအလိုက် သင်တန်းတာဝန်ခံများက သင်တန်းသား သင်တန်းသူများအား မိဘများထံ စနစ်တကျ ပြန်လည်ပို့ဆောင် အပ်နှံပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ရေကြောင်းလူငယ် အခြေခံ/ တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) နှင့် လေကြောင်းလူငယ် အခြေခံ/တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းများမှ သင်တန်းသား/ သင်တန်းသူများ၊ နည်းပြနှင့် ကြီးကြပ်သူများအား ဂုဏ်ပြုကြိုဆိုပွဲများ ကျင်းပ
နေပြည်တော် မေ ၂၄
လေ့လာရေးခရီး သွားရောက်ခဲ့ကြသည့် ရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်း၊ မော်လမြိုင်သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူများ၊ နည်းပြနှင့် ကြီးကြပ်သူများအား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ မောရဝတီ ရေတပ်စခန်းဌာနချုပ်၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် ကြီးကြပ်သူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး သင်တန်းတွင် ဆုရရှိကြသူများအား ပြည်နယ်ဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုရရှိသည့် သင်တန်းသား သင်တန်းသူများ၏ လက်တွေ့သရုပ်ပြသမှုများကို ကြည့်ရှုအားပေးကြပြီး သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
အလားတူ လေ့လာရေးခရီးမှ ပြန်လည်ရောက်ရှိလာသည့် လေကြောင်းလူငယ် အခြေခံ/ တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) မှ သင်တန်းသား သင်တန်းသူများ၊ နည်းပြနှင့် ကြီးကြပ်သူများအား ဂုဏ်ပြုကြိုဆိုပွဲကို မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ် တောင်) ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် ကြီးကြပ်သူများ၊ သင်တန်းသား သင်တန်း သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး သင်တန်းတွင် ဆုရရှိကြသူများအား ပြည်နယ်ဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ထို့အပြင် လေ့လာရေးခရီးသွားရောက်ရာမှ ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့သည့် ပုသိမ်လေတပ်စခန်းဌာနချုပ် အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) မှ သင်တန်းသား သင်တန်းသူများအား အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက သွားရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၂/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးကျင်းပ
အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၂/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို မေ ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကောင်စီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က အဖွင့်အမှာစကားပြောကြားရာတွင် မကြာသေးမီက ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်မှုများရှိခဲ့သော်လည်း ကုန်သွယ်မှုလုပ်ငန်းများချောမွေ့စေရေး ပံ့ပိုးပေးနိုင်ရန်အတွက် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီအစည်းအဝေးများကို လေးလတစ်ကြိမ်ကျင်းပရန် လျာထားသတ်မှတ်ချက်အတိုင်း ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) အကောင်အထည်ဖော်ဆောင်ရွက်မှုကာလပြီးဆုံးတော့မည်ဖြစ်၍ အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၆-၂၀၃၀)ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အတွက် ကဏ္ဍများကိုရွေးချယ်ပြီး လုပ်ငန်းစီမံချက် (Plan of Actions- PoA) များကို ရေးဆွဲသည့်အခါ သက်ဆိုင်ရာကဏ္ဍအလိုက် အစိုးရ - ပုဂ္ဂလိက အဖွဲ့အစည်းများက ညှိနှိုင်းပူးပေါင်းရေးဆွဲကြရန်ဖြစ်ကြောင်း။
အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် အရ အိန္ဒိယနိုင်ငံသို့ မတ်ပဲတင်ပို့နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မတ်လမတိုင်မီ Open General License – OGL ရရှိရေး အိန္ဒိယနိုင်ငံအစိုးရနှင့် G to G ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့မှုသည် ကောင်စီ၏ သိသာသော ရလဒ်တစ်ခုဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း MSME ပြည်ထောင်စုအဆင့်ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပပေးခဲ့ပြီး ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) အဖြစ် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အလားအလာရှိသော ထုတ်ကုန်များကိုရွေးချယ်၍ လုပ်ငန်းရှင်များကို ဆုချီးမြှင့်ပေးခဲ့သည့်အပြင် ပြပွဲကာလအတွင်း MSME လုပ်ငန်းရှင်များ ပြည်တွင်း/ပြည်ပဈေးကွက် ချိတ်ဆက်ရရှိရေး၊ ချေးငွေရရှိရေးအတွက် ဘဏ်များနှင့်ချိတ်ဆက်နိုင်ရေးကူညီပေးမှုများကြောင့် ပို့ကုန်တင်ပို့လိုသည့် လုပ်ငန်းရှင်များအတွက် အထောက်အကူကောင်းများရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်ကိုတွေ့ရှိခဲ့ရကြောင်း၊ ကဏ္ဍများအလိုက် ပို့ကုန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ကြုံတွေ့ရသောအခက်အခဲများ၊ ကန့်သတ်ချက်များ တင်ပြလာမှုများ အပေါ် တတ်နိုင်သမျှ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အမှာစကားပြောကြားပြီး ကောင်စီအတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၁/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ကောင်စီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင် ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြချက်များအပေါ် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီဥက္ကဋ္ဌက ကဏ္ဍများအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးကိုရှေးရှုပြီး ပြန်လည်ဆွေးနွေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေးအပ်နိုင်ရေး မြန်မာ - တရုတ် နှစ်နိုင်ငံကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်း
မြန်မာ-ထိုင်း နှစ်နိုင်ငံမှ ကိုယ်စားလှယ်များသည် မေ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေးအပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဆွေးနွေးခဲ့သည့် သုံးနိုင်ငံသဘောတူညီချက်ကို အရှိန်အဟုန်မြှင့်၍ ဆက်လက်ဆောင်ရွက်ရေး၊ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုများ ကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးနှင့် အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ဇန်နဝါရီ ၃၀ ရက်မှ မေ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၉၉ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၄၆၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၆၃၀ အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် တာဝန်ရှိသူများသည် မေ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မြဝတီမြို့ မြန်မာ-ထိုင်းအမှတ် (၂)ချစ်ကြည်ရေးတံတားသို့ ရောက်ရှိကြပြီး ကရင်ပြည်နယ် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
အဆိုပါ ပူးပေါင်းအဖွဲ့သည် မြဝတီမြို့သို့ တရားမဝင် ဝင်ရောက်ခဲ့ကြသည့် တရုတ်နိုင်ငံသားများအား စစ်ဆေးဖော် ထုတ်ပြီး ကောင်းမွန်စွာထိန်းသိမ်းထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုလေ့လာကြသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများကို စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏နယ်စပ်ဒေသများတွင်လည်း တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများအား တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ် အရေးယူမှုများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။