တရုတ်ပြည်မှ ၁၅ ကြိမ်မြောက်လှူဒါန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် (၁၅) ကြိမ်မြောက် အောက်တိန်း (92) ၂၉၄၀ ဒသမ ၀၅၅ တန်၊ ဒီဇယ် ၁၁၉၃၀ ဒသမ ၅၀၅ တန်နှင့် (၁၆) ကြိမ်မြောက် Modular (prefabricated) house အလုံး ၁၁၂၀၊ Offices အလုံး ၁၆၀ လွှဲပြောင်းလက်ခံ

ရန်ကုန် မေ ၂၀

မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (၁၅) ကြိမ်မြောက် လှူဒါန်းသည့် အောက်တိန်း(92) ၂၉၄၀ ဒသမ ၀၅၅ တန်၊ ဒီဇယ် ၁၁,၉၃၀ ဒသမ ၅၀၅ တန် တင်ဆောင်လာသော MT YU DONG သင်္ဘောသည် မေ ၂၃ ရက် နံနက် ၂ နာရီခွဲက  သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် BRIGHTER ENERGY ဆီလှောင် ဆိပ်ကမ်းသို့လည်းကောင်း၊ (၁၆) ကြိမ်မြောက် လှူဒါန်းသည့် Modular (prefa-bricated) house အလုံး ၁၁၂၀၊ Offices အလုံး ၁၆၀ တင်ဆောင်လာသော MV. Orient Glory သင်္ဘောသည် မေလ(၂၄)ရက်နေ့ ညနေ ၄ နာရီက သီလဝါ (MITT) ဆိပ်ကမ်းသို့လည်းကောင်း ရောက်ရှိခဲ့ကြသည်။ 

ထိုသို့ BRIGHTER ENERGY ဆီလှောင်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် အောက်တိန်း(92) ၂,၉၄၀ ဒသမ ၀၅၅ တန်၊ ဒီဇယ် ၁၁,၉၃၀ ဒသမ ၅၀၅ တန်တို့ကို မေလ(၂၅)ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး​ Mr. Ouyang Daobing က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများထံ ၎င်းဆိပ်ကမ်း၌ လွှဲပြောင်းပေးပြီး အဆိုပါရောက်ရှိလာသည့် အောက်တိန်းနှင့် ဒီဇယ်များကို ငလျင်ဘေးသင့်ဒေသများသို့ စွမ်းအင် ဝန်ကြီးဌာနမှ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်သည်။ 

ဆက်လက်၍ သီလဝါ (MITT) ဆိပ်ကမ်းသို့ရောက်ရှိလာသည့် Modular (prefabricated) house အလုံး ၁၁၂၀၊ Offices အလုံး ၁၆၀ တို့ကို မေလ(၂၅)ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး​ Mr. Ouyang Daobing က တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများထံ ၎င်းဆိပ်ကမ်း၌ လွှဲပြောင်းပေးပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးမှ မြန်မာ့မီးရထားဖြင့် သယ်ယူပို့ဆောင်နိုင်ရေး ကုန်တင်ကားပေါ်မှ ရထားတွဲပေါ်သို့ ကရိန်းဖြင့် တင်ဆောင်နေသည့် အခြေအနေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

29.05.2025 | Views : 1
MDD

ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် မေ ၂၈

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် မေ ၂၈ ရက်အထိ သေဆုံးသူ ၃၇၃၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၆၈ ဦး ရှိသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့် ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အဦများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦး ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၁၆ ဦး ရှာဖွေပေးနိုင်ခဲ့သည်။

ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင် အလှူရှင်များကငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့‌လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၂၆ ရက်တွင် ဗီယက်နမ်နိုင်ငံရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Parami Group က လှူဒါန်းသည့် ဆေးပစ္စည်းအလေးချိန် တန် ၀ ဒသမ ၁၅၀ ရောက်ရှိခဲ့သည်။

ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေ ထောက်ပံ့ပေးလျက်ရှိပါကြောင်း သိရသည်။

သတင်းစဉ်

29.05.2025 | Views : 1
ကုလသမဂ္ဂ

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

 

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အား မေလ(၂၇)ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် UNFPA ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ငလျင်ဒဏ်သင့်ဒေသများမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဆေးဘက်ပစ္စည်းများ ထောက်ပံ့ပေးမည့် အခြေအနေတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

28.05.2025 | Views : 0
ရေထွက်တင်ပို့

မြန်မာနိုင်ငံမှရေထွက်ကုန်များကို တရုတ်နိုင်ငံ၊စီချွမ်းပြည်နယ် ဈေးကွက်အတွင်းသို့ပြန်လည်ဖြန့်ချိမည်

 

ကျင်းတုံးလေကြောင်းလိုင်း၏ ချန်ဒူး-ရန်ကုန် ကုန်တင်လေယာဉ်စတင်ပြေးဆွဲခြင်း အခမ်းအနားကို တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့၌ ၂၀၂၅ ခုနှစ်၊ မေလ (၂၆) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ချုံချင့်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါလေကြောင်း စတင်ပြေးဆွဲခြင်းအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့်အတူ စီချွမ်းပြည်နယ် လေကြောင်း တာဝန်ရှိသူများ၊ ကျင်းတုံးလေကြောင်းလိုင်း တာဝန်ရှိသူများ၊ မြန်မာနှင့်တရုတ်အကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသူများ တက်ရောက်ခဲ့သည်။ 

ထို့နောက် ချန်ဒူး Shuangliu လေကြောင်း စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ချန်ဒူး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအုပ်စုကုမ္ပဏီနှင့် JD လေကြောင်းတို့သည် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ 

အဆိုပါ ကျင်းတုံးလေကြောင်းလိုင်း၏ လေယာဉ်အမှတ် 737-800BCF သည် အထည်အလိပ်နှင့်ပိုးထည် အပြည့် တင်ဆောင်ကာ Chengdu Shungliu အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၂၅ ခုနှစ်၊ မေလ (၂၆) ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် (၁) နာရီ (၃၆) မိနစ်တွင် တိုက်ရိုက်ပျံသန်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ရေထွက်ကုန်များဖြစ်သည့် ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဥ့်တို့ကို တင်ဆောင်၍  တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။

27.05.2025 | Views : 4
photo

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာသည့် တောင်ကိုရီးယားနိုင်ငံသားတစ်ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်း လိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။ 

ထိုသို့စုံစမ်းဖော်ထုတ်လျက်ရှိရာ ယနေ့တွင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့-မဲ့ထော်သလေး (KK Park) နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ ကျူးလွန်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသားတစ်ဦးအား ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။ 

အဆိုပါနိုင်ငံသားအား သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများအား လိုအပ်သည့် စာရင်းဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေး တို့ကို မှာကြားသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ မေ ၂၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၁၀၂ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၆၂၀ အား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၄၈၂ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို စုံစမ်းဖော်ထုတ် စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား တားဆီးကာကွယ် တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်

27.05.2025 | Views : 0
photo

အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားငါးဦးကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံ များသို့ ထပ်မံလွှဲပြောင်းပေးအပ်

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ် လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ် မဲ့ထော်သလေး (KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ကာဇက်စတန်နိုင်ငံသားနှစ်ဦး၊ တောင်အာဖရိကနိုင်ငံသား သုံးဦး စုစုပေါင်း ငါးဦးတို့အား မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံ များသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ 

ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက မေ ၂၆ ရက် နံနက်ပိုင်းတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ စာရင်းဇယား၊ အချက်အလက်များပြည့်စုံမှန်ကန်မှုရှိရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ကာဇက်စတန်သမ္မတနိုင်ငံသံရုံးမှ Counsellor Mr. Zhenis Mambetaliyev နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ တောင်အာဖရိကသမ္မတနိုင်ငံသံရုံးမှ First Secretary Mr.Hendrik Albertus Fourie နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံတာ့ခ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်း ပေးအပ်သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက် မှ မေ ၂၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၁၀၂ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၆၂၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၄၇၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားရှိသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

27.05.2025 | Views : 0