
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် (၁၅) ကြိမ်မြောက် အောက်တိန်း (92) ၂၉၄၀ ဒသမ ၀၅၅ တန်၊ ဒီဇယ် ၁၁၉၃၀ ဒသမ ၅၀၅ တန်နှင့် (၁၆) ကြိမ်မြောက် Modular (prefabricated) house အလုံး ၁၁၂၀၊ Offices အလုံး ၁၆၀ လွှဲပြောင်းလက်ခံ
ရန်ကုန် မေ ၂၀
မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (၁၅) ကြိမ်မြောက် လှူဒါန်းသည့် အောက်တိန်း(92) ၂၉၄၀ ဒသမ ၀၅၅ တန်၊ ဒီဇယ် ၁၁,၉၃၀ ဒသမ ၅၀၅ တန် တင်ဆောင်လာသော MT YU DONG သင်္ဘောသည် မေ ၂၃ ရက် နံနက် ၂ နာရီခွဲက သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် BRIGHTER ENERGY ဆီလှောင် ဆိပ်ကမ်းသို့လည်းကောင်း၊ (၁၆) ကြိမ်မြောက် လှူဒါန်းသည့် Modular (prefa-bricated) house အလုံး ၁၁၂၀၊ Offices အလုံး ၁၆၀ တင်ဆောင်လာသော MV. Orient Glory သင်္ဘောသည် မေလ(၂၄)ရက်နေ့ ညနေ ၄ နာရီက သီလဝါ (MITT) ဆိပ်ကမ်းသို့လည်းကောင်း ရောက်ရှိခဲ့ကြသည်။
ထိုသို့ BRIGHTER ENERGY ဆီလှောင်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် အောက်တိန်း(92) ၂,၉၄၀ ဒသမ ၀၅၅ တန်၊ ဒီဇယ် ၁၁,၉၃၀ ဒသမ ၅၀၅ တန်တို့ကို မေလ(၂၅)ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Ouyang Daobing က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများထံ ၎င်းဆိပ်ကမ်း၌ လွှဲပြောင်းပေးပြီး အဆိုပါရောက်ရှိလာသည့် အောက်တိန်းနှင့် ဒီဇယ်များကို ငလျင်ဘေးသင့်ဒေသများသို့ စွမ်းအင် ဝန်ကြီးဌာနမှ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်သည်။
ဆက်လက်၍ သီလဝါ (MITT) ဆိပ်ကမ်းသို့ရောက်ရှိလာသည့် Modular (prefabricated) house အလုံး ၁၁၂၀၊ Offices အလုံး ၁၆၀ တို့ကို မေလ(၂၅)ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Ouyang Daobing က တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများထံ ၎င်းဆိပ်ကမ်း၌ လွှဲပြောင်းပေးပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးမှ မြန်မာ့မီးရထားဖြင့် သယ်ယူပို့ဆောင်နိုင်ရေး ကုန်တင်ကားပေါ်မှ ရထားတွဲပေါ်သို့ ကရိန်းဖြင့် တင်ဆောင်နေသည့် အခြေအနေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရနောင်း-ကော့သောင်း-ရန်ကုန်လမ်းကြောင်းမှ ကုန်သွယ်မှုပိုငွေအမေရိကန်ဒေါ်လာ(၂)ဘီလီယံကျော် ရရှိခဲ့
၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်တွင် ရနောင်း-ကော့သောင်း-ရန်ကုန် လမ်းကြောင်းမှ ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ (၂. ၃) ဘီလီယံကျော်ရရှိခဲ့ကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှ သိရသည်။ နယ်စပ်ကုန်သွယ်ရေးနည်းလမ်း (Border Trade Method) ဖြင့် ရန်ကုန်-ကော့သောင်း-ရနောင်းနှင့် ရနောင်း-ကော့သောင်း-ရန်ကုန်သို့ နယ်စပ်ကုန်သွယ်မှု နည်းလမ်း ကွန်တိန်နာစနစ်ဖြင့် တင်ပို့/ တင်သွင်းခြင်းကို ၂၀၂၄ ခုနှစ် ဇွန်လမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်လည်း ကုန်သွယ်မှုပိုငွေ ရရှိစေရေးအတွက် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးက တိုက်တွန်းပြောကြားထားသည်။ ကုန်သွယ်မှုလျာထားချက်များ ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ရေးအတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းများ လျင်မြန်ချောမွေ့ စေရေးကိုလည်း ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
အလားတူ ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများ အချိန်မီပြန်လည်ဝင်ရောက်ရေးများ၊ စက်သုံးဆီ/ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးမှုများ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်မှုအခြေအနေများနှင့် CMP လုပ်ငန်းများ ပိုမိုတင်ပို့နိုင်ရေးများကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Huawei Technologies Co., Ltd က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ငလျင်ဘေးသင့် ဝန်ထမ်းများအတွက် လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများ ပေးအပ်လှူဒါန်း
Huawei Technologies Co., Ltd မှ Chief Executive Officer ဖြစ်သူ Mr. Zhao You Jun နှင့် တာဝန်ရှိသူများသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် လူသုံးကုန်ပစ္စည်းများနှင့်ဆေးဝါးများအပါအဝင် စုစုပေါင်းပစ္စည်း ၁၁ မျိုးအား မေလ ၂၈ ရက် မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) နေပြည်တော်သို့ လာရောက်ပေးအပ်လှူဒါန်းခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မိမိတို့ဝန်ကြီးဌာနရှိ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ ၈၀ ရာခိုင်နှုန်းနီးပါးသည် ငလျင်ဒဏ်ခံကြရသူများ ဖြစ်ကြောင်းနှင့် ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် လိုအပ်လျက်ရှိသော ယာယီတဲများ၊ ခြင်ထောင်များ၊ဆေးဝါးများ၊ ရေသန့်စက်နှင့် ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက Huawei Technologies Co., Ltd က ပေးအပ်လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများကို လက်ခံ ရယူပြီး ကုမ္ပဏီ၏ Chief Executive Officer ဖြစ်သူ Mr. Zhao You Jun အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမင်းမင်း မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီအစည်းအဝေး ၃/၂၀၂၅ တက်ရောက်
မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ အစည်းအဝေး ၃/၂၀၂၅ ကို မေလ (၂၈)ရက်နေ့ နံနက် (၉)နာရီခွဲတွင် နေပြည်တော် ရုံးအမှတ် (၃) စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁)၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမင်းမင်းက မူပိုင်ခွင့်ဆိုင်ရာ နည်းဥပဒေအရ လုပ်ငန်းအဖွဲ့အစည်းများ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ အဖွဲ့ဝင်များအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ရန် လိုအပ်သည့်အတွက် လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် (Manual)ကို လက်စွဲစာအုပ်အဖြစ် ပြုစုနေပြီဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ လျှောက်ထားခြင်းများ၊ စစ်ဆေးခြင်းများနှင့် စပ်လျဉ်း၍ အေဂျင်စီအဖွဲ့ဝင်များသို့ အသိပညာပေး ရှင်းလင်းတင်ပြခြင်း အစီအစဉ်များကို ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း၊ လိုအပ်နေသည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ပညာရှင်နှင့် တီထွင်မှု မူပိုင်ခွင့်ပညာရှင်များ ရရှိနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီက တာဝန်ပေးအပ်သော လုပ်ငန်းများနှင့် ဆုံးဖြတ်ချက်များကို အေဂျင်စီအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် အေဂျင်စီအဖွဲ့ဝင်များ၊ မူပိုင်ခွင့်ပညာရှင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြရာ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။

ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော် မေ ၂၈
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် မေ ၂၈ ရက်အထိ သေဆုံးသူ ၃၇၃၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၆၈ ဦး ရှိသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့် ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အဦများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦး ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၁၆ ဦး ရှာဖွေပေးနိုင်ခဲ့သည်။
ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင် အလှူရှင်များကငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၂၆ ရက်တွင် ဗီယက်နမ်နိုင်ငံရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Parami Group က လှူဒါန်းသည့် ဆေးပစ္စည်းအလေးချိန် တန် ၀ ဒသမ ၁၅၀ ရောက်ရှိခဲ့သည်။
ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေ ထောက်ပံ့ပေးလျက်ရှိပါကြောင်း သိရသည်။
သတင်းစဉ်

မောင်မောင်လွင်၏ တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်ASEAN All Starsအသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ယူခဲ့
နာမည်ကြီး အင်္ဂလန်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ASEAN All Stars အသင်းတို့၏ ခြေစမ်းပွဲကို ၂၀၂၅ ခုနှစ် မေလ ၂၈ ရက် ညပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီကွင်း၌ကျင်းပရာ ASEAN All Stars အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။
ASEAN All Stars အသင်းသည် မြန်မာတိုက်စစ်ကစားသမား မောင်မောင်လွင် သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မောင်မောင်လွင်သည် မန်ချက်စတာယူနိုက်တက်အသင်းဘက်သို့ ဂိုးသွင်းယူနိုင်သည့် ပထမဆုံး မြန်မာကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ မောင်မောင်လွင်သည် ယင်းပွဲတွင် ပွဲထွက်ကစားခွင့်မရသော်လည်း ဒုတိယပိုင်းအစတွင် ကစားခွင့်ရခဲ့ပြီး သမိုင်းဝင်စေမည့် အနိုင်ဂိုးကို မိနစ် ၇၀ တွင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
အင်္ဂလန်ပြည်တွင်းလိဂ်တွင် ဇယားအောက်ပိုင်း ရောက်ခဲ့သည့်အပြင် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီး ချန်ပီယံဆုနှင့် လွဲချော်ခဲ့သဖြင့် ဖိအားများနေသည့် မန်ချက်စတာ ယူနိုက်တက်အသင်းသည် ပထမဆုံးပွဲတွင် ရှုံးပွဲနှင့်ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ မန်ချက်စတာ ယူနိုက်တက်အသင်းသည် ပွဲထွက် လူစာရင်းတွင် မက်ဂွိုင်းယား၊ ကက်စမဲရိုး၊ ဟွိုင်လန်း၊ ကိုဘီမိုင်နူး၊ အိုနာနာ စသည့်ကစားသမားများကို အသုံးပြုခဲ့ပြီး ဒုတိယပိုင်းတွင် ဘရူနိုဖာနန်ဒက်စ်၊ ဂါနာချို၊ အာမက်အပါအဝင် တစ်သင်းလုံး အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာသည့် တောင်ကိုရီးယားနိုင်ငံသားတစ်ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်း လိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
ထိုသို့စုံစမ်းဖော်ထုတ်လျက်ရှိရာ ယနေ့တွင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့-မဲ့ထော်သလေး (KK Park) နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသားတစ်ဦးအား ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါနိုင်ငံသားအား သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများအား လိုအပ်သည့် စာရင်းဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို မှာကြားသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ မေ ၂၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၁၀၂ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၆၂၀ အား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၄၈၂ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား တားဆီးကာကွယ် တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ် နှစ်နိုင်ငံမီဒီယာ ဆွေးနွေးပွဲနှင့် နှစ်သိမ့်အားပေးပွဲ ကျင်းပမည်
မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇွန်လ (၁) ရက်နေ့တွင် “အနာဂတ်ဆီသို့ အတူလက်တွဲလျှောက်လှမ်းမည်” နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲကို နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “ အနာဂတ်ဆီသို့ အတူလက်တွဲ လျှောက်လှမ်းနိုင်ရန်အတွက် နှစ်နိုင်ငံအကြား မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် သဘာဝဘေးအခြေအနေနှင့် သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် မီဒီယာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့(MISIS)၊ မြန်မာ့ရေးရာ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် China Media Group (CMG)တို့မှ တာဝန်ရှိသူများက ဆွေးနွေးသွားကြမည်ဖြစ်သည်။ ဆက်လက်ပြီး ဇွန်လ(၇)ရက်နေ့တွင် “အားပေးတွဲယူ ဖေးမကူ” ငလျင်ဘေးသင့်ပြည်သူများအတွက် နှစ်သိမ့်အားပေးပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အား မေလ(၂၇)ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် UNFPA ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ငလျင်ဒဏ်သင့်ဒေသများမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဆေးဘက်ပစ္စည်းများ ထောက်ပံ့ပေးမည့် အခြေအနေတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။