မောင်မောင်လွင်၏ တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်ASEAN All Starsအသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ယူခဲ့

 

နာမည်ကြီး အင်္ဂလန်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ASEAN All Stars အသင်းတို့၏ ခြေစမ်းပွဲကို ၂၀၂၅ ခုနှစ် မေလ ၂၈ ရက် ညပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီကွင်း၌ကျင်းပရာ ASEAN All Stars အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။ 

ASEAN All Stars အသင်းသည် မြန်မာတိုက်စစ်ကစားသမား မောင်မောင်လွင် သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မောင်မောင်လွင်သည် မန်ချက်စတာယူနိုက်တက်အသင်းဘက်သို့ ဂိုးသွင်းယူနိုင်သည့် ပထမဆုံး မြန်မာကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ မောင်မောင်လွင်သည် ယင်းပွဲတွင် ပွဲထွက်ကစားခွင့်မရသော်လည်း ဒုတိယပိုင်းအစတွင် ကစားခွင့်ရခဲ့ပြီး သမိုင်းဝင်စေမည့် အနိုင်ဂိုးကို မိနစ် ၇၀ တွင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်ပြည်တွင်းလိဂ်တွင် ဇယားအောက်ပိုင်း ရောက်ခဲ့သည့်အပြင် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီး ချန်ပီယံဆုနှင့် လွဲချော်ခဲ့သဖြင့် ဖိအားများနေသည့် မန်ချက်စတာ ယူနိုက်တက်အသင်းသည် ပထမဆုံးပွဲတွင် ရှုံးပွဲနှင့်ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ မန်ချက်စတာ ယူနိုက်တက်အသင်းသည် ပွဲထွက် လူစာရင်းတွင် မက်ဂွိုင်းယား၊ ကက်စမဲရိုး၊ ဟွိုင်လန်း၊ ကိုဘီမိုင်နူး၊ အိုနာနာ စသည့်ကစားသမားများကို အသုံးပြုခဲ့ပြီး ဒုတိယပိုင်းတွင် ဘရူနိုဖာနန်ဒက်စ်၊ ဂါနာချို၊ အာမက်အပါအဝင် တစ်သင်းလုံး အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သိရသည်။