
ကန်ထရိုက်တာများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အာမခံထားတဲ့ ပစ္စည်းပေါ်မူတည်ပြီး ချေးငွေလျှောက်ထားနိုင်
ကန်ထရိုက်တာများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ CHID Bank တွင် အာမခံထားရှိသည့် ပစ္စည်းအပေါ် မူတည်ပြီးဆောက်လုပ်ရေးချေးငွေများကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(CHID Bank)အနေဖြင့် လုပ်ငန်းလည်ပတ်ရန် ချေးငွေလိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ကန်ထရိုက်တာများကို Construction Loan အား အာမခံထားရှိသည့် ပစ္စည်းအပေါ်မူတည်၍ တွက်ချက်ကာ ချေးငွေထုတ်ချေးပေးမည် ဖြစ်သည်။
ချေးငွေရယူလိုသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ကန်ထရိုက်တာများအနေဖြင့် မိမိတို့ထားရှိမည့် အာမခံ ပစ္စည်းတန်ဖိုးအပေါ်တွင် တွက်ချက်၍ ချေးငွေပမာဏကို ချေးပေးမည်ဖြစ်ကြောင်း၊ ချေးငွေအတိုးနှုန်းအနေဖြင့် တစ်နှစ်လျှင် (၁၂) ရာခိုင်နှုန်း သတ်မှတ်ထားပြီး လုပ်ငန်းပရောဂျက်အပေါ်မူတည်၍ ပြန်လည်ပေးဆပ်ကာလကို ထားရှိပေးမည်ဖြစ်သည်။
CHID Bank ၏ Construction Loan ကို လျှောက်ထားရယူလိုသူများအနေဖြင့် ချေးငွေလျှောက်လွှာနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ဓာတ်ပုံ (၂)ပုံ၊ Audited Financial Statement၊Management Financial Report ၊ Cash Flow အခွန် ပြေစာ(၃)နှစ်၊ (၆)လအတွင်း ရိုက်ကူးထားသည့် မြေပုံရာဇဝင်(ပုံစံ ၁၀၅၊ ၁၀၆)၊ လုပ်ငန်း/ ကုမ္ပဏီနှင့်ပတ်သက်သည့် စာရွက်စာတမ်း အထောက်အထားများ၊ အာမခံပစ္စည်းဓာတ်ပုံများနှင့် အခြားဆက်စပ်စာရွက်စာတမ်းများစသည့် အထောက်အထားများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
အသေးစိတ်သိရှိလိုပါက နီးစပ်ရာ CHID ဘဏ်ခွဲများနှင့် CHID Bank ၏ Call Center ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်သည်။