
ပြည်သူ့ကြားက ပြည်သူ့စကားအစီအစဉ် ထုတ်လွှင့်မည်
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ဓားပြဆန်ဆန် ဆက်ကြေးကောက်၊ လမ်းကြေးတောင်းနေကြတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေကြောင့် အခက်တွေ့ နေရသော ခရီးသွားပြည်သူများ” ခေါင်းစဉ်ဖြင့် မေ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “နိုင်ငံတကာ ထောက်ခံမှုရရှိဖို့အတွက် သတင်းလိမ်လည်ဖို့ ကြိုးစားလာတဲ့ NUG ၊ PDF” ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၈၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ပါကြောင်းနှင့် ပါဝင်လာသည့်ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း အသိပေးကြေညာထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး ပြန်လည်တွေ့ရှိ
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်(၁)ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC) မှ အပတ်စဥ်သတင်းထုတ်ပြန်ချက်အဖြစ် ၂၀၂၅ ခုနှစ်၊ မေ (၁၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနမှ မေလ (၁၁) ရက်နေ့မှ မေလ (၁၈) ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာပေါင်း (၂,၄၆၁)ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁)ဦး တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
လက်ရှိ အာရှတိုက်တွင်းရှိ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် ဒေသတွင်းနိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာနေပြီး ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ မေလ (၁၇) ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ (၁၀၆,၄၈၁) ဦးရှိကာ သေဆုံးသူ (၂၆) ဦးရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ထို့ပြင် စင်ကာပူတွင် မေလအတွင်း Covid-19 ရောဂါ ဖြစ်ပွားမှု (၂၈) ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ကူးစက်ခံရသူဦးရေ (၁၄,၂၀၀) အထိရောက်ရှိခဲ့ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ထို့အတူ မြန်မာနိုင်ငံတွင်လည်း ၂၀၂၀ ခုနှစ်၊ ကိုဗစ်-၁၉ စတင်တွေ့ရှိချိန်မှ စတင်ကာ လက်ရှိ ၂၀၂၅ ခုနှစ်၊ မေလအထိ ပိုးတွေ့သူ စုစုပေါင်း (၆၄၃,၂၃၃) ဦး ရှိခဲ့ကာ သေဆုံးသူ (၁၉,၄၉၄) ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

တောင်ယာခုတ်ထွင်မီးရှို့ခြင်း၊ ရိုးပြတ်များမီးရှို့ခြင်းနှင့် တောမီးရှို့ခြင်းကြောင့် ထိခိုက်နိုင်မှုများ

တောင်ယာခုတ်ထွင်မီးရှို့ခြင်း၊ ရိုးပြတ်များ မီးရှို့ခြင်းနှင့် တောမီးရှို့ခြင်းတို့ကြောင့် အောက်ပါအချက်များဖြစ်ပေါ်နိုင်ပါသည်-
(က) မီးခိုးမြူငွေ့ကြောင့် လေထုညစ်ညမ်းခြင်းနှင့် ကျန်းမာရေးထိခိုက်နိုင်ခြင်း။
(ခ) ကမ္ဘာကြီးပူနွေးလာခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်ခြင်း။
(ဂ) မြေဆီဩဇာခန်းခြောက်ခြင်းနှင့် သီးနှံများ အထွက်နှုန်းလျော့နည်းခြင်း။
(ဃ) သစ်တောထွက်ပစ္စည်းများ ဆုံးရှုံးခြင်းနှင့် လူနေမှုဘဝကို ထိခိုက်စေနိုင်ခြင်း။

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာငွေကျပ် ၆၅၂၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ၊ ဈေးနှုန်းများဆက်တိုက်ကျဆင်းလျက်ရှိ
နေပြည်တော် မေ ၁၈
စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။
ပြည်ပမှစားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ မေ ၁၉ ရက်မှ ၂၅ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၅၂၅ ကျပ်ဖြစ်ကြောင်း စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့တွင်ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။ စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ CIF စနစ်အရ တင်သွင်းနေသည့် စားအုန်းဆီတစ်တန်ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဆက်တိုက်ကျဆင်းလာခဲ့ရာ ပြည်တွင်း တစ်ပိဿာလက်ကားရည်ညွှန်းဈေးနှုန်းမှာလည်း အဆိုပါ လေးလတာကာလအတွင်း ၇၅၅ ကျပ် ကျဆင်းလာကြောင်း သိရသည်။
သတင်းစဉ်