ရထားပြန်လည်ပြေးဆွဲလျက်ရှိ

ငလျင်ဒဏ်ကြောင့် ရထားလမ်းပိုင်းအချို့ ပျက်စီးမှုများအား အမြန်ဆုံးပြင်ဆင်ပြီးစီး၍ ရထားများ ပြန်လည်ပြေးဆွဲပေးလျက်ရှိ

မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် ရထားလမ်းပိုင်းအချို့နေရာများ၌ ပြိုကျ ပျက်စီးမှုများဖြစ်ပွားခဲ့သော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ရထားပြေးဆွဲမှုများကို ယာယီရပ်နားထားခဲ့ရပြီး အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ဧပြီ ၅ ရက်မှစ၍ ရန်ကုန်-နေပြည်တော် - မန္တလေးလမ်းပိုင်းအတွင်း လူစီးရထားများ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပြီဖြစ်သည်။
ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ရန်ကုန်မှ စတင်ထွက်ခွာသည့် အမှတ် (၇)အဆန် ခေတ်မီ DEMU ရထားနှင့် မန္တလေးမှ စတင်ထွက်ခွာသည့် အမှတ်(၂၈)အစုန် လေအိတ် ရထား၊ နေပြည်တော်မှရန်ကုန်သို့ စတင်ထွက်ခွာသည့် အမှတ်(၈)အစုန်ခေတ်မီ DEMU ရထားနှင့် နေပြည်တော်မှ မန္တလေးသို့ စတင်ထွက်ခွာသည့် အမှတ်(၂၇)အဆန် လေအိတ်ရထားများတွင် ခရီးသည်များ အသီးသီးလိုက်ပါစီးနင်းမှုရှိကြောင်း သိရသည်။ ထို့အတူ ရထားပေါ်တွင် စီးနင်းလိုက်ပါလာသည့် သံဃာတော်များအား သက်ဆိုင်ရာနယ်မြေအလိုက် ရထားဝန်ထမ်းများက နေ့ဆွမ်းများ ဆက်ကပ်ခဲ့ကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် လူစီးရထားနှင့် ကုန်ရထားများ ပြေးဆွဲပေးခြင်းကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ အဓိကရထားလမ်းပိုင်းများ ဖြစ်သည့် ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းများ နှင့်ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင်သာမက အခြားလမ်းပိုင်းများတွင်လည်း ရထားများပြေးဆွဲပေးလျက်ရှိပြီး ခရီးသွားပြည်သူများအနေဖြင့် ရထားလက်မှတ်များကို လွယ်ကူစွာဝယ် ယူရရှိနိုင်ရေးအတွက် အထက်တန်းလက်မှတ်အား သုံးရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍လည်းကောင်း ဘူတာရုံများနှင့် လက်မှတ်အရောင်း နေရာများတွင် ကြိုတင်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

 

07.04.2025
ငွေလွှဲခကင်းလွတ်ခွင့်ပြု

ငလျင်ဒဏ်သင့်ဒေသများသို့ လှူဒါန်းမှုများအတွက် ဗဟိုဘဏ်မှ ငွေလွှဲခကင်းလွတ်ခွင့်ပြု

ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းငွေများအတွက် ငွေလွှဲခကင်းလွတ်ခွင့်ပြုကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထားသည်။ လတ်တလောဖြစ်ပွားခဲ့သည့် အင်အားပြင်းမြေငလျင်ဒဏ်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် ဒေသများအတွက် လှူဒါန်းလိုပါက မြန်မာ့စီးပွားရေးဘဏ်၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ (OA-011834) စာရင်း၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)တွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်းအမှတ် (0111284000000063) နှင့် မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)က နိုင်ငံခြားငွေစာရင်းအမှတ် (EDN-600018) တို့ကို ငွေလွှဲခ အခမဲ့ဖြင့် လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

Source-မြန်မာနိုင်ငံတော်ဗဟိုဘဏ်

03.04.2025
the day of national mourning (30-3-2025)

နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် (the day of national mourning) သတ်မှတ်ကြေညာခြင်း

၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် ၃၁-၃- ၂၀၂၅ ရက်မှ   ၆-၄ -၂၀၂၅ ရက်အထိ (၇)ရက် အား သတ်မှတ်ကြေညာလိုက်သည်။ ထိုရက်များအတွင်း နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူကြရန်ဖြစ်ပါသည်။

မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
နိုင်ငံတော်ဝန်ကြီးချုပ်

(Source-MWD)


 

30.03.2025