အဂတိလိုက်စားမှုတိုက်ဖျက်ရေးအများပြည်သူသို့ အသိပေးကြေညာချက်

အများပြည်သူသို့ အသိပေးကြေညာချက်

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

၂။ ကော်မရှင်အနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ ကြီးကြပ်မှုအောက်ရှိ အများပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် မေးခွန်းများမေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်းအစီအစဉ်(Public Feedback Programme– PFP) ကို အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။

၃။ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်အရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများထံမှ Short Code နံပါတ် “1111” ဖြင့် ဝန်ဆောင်မှုရယူစဉ်က ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ပေးပို့မေးမြန်းလိုက်သော SMS များကို မှန်ကန်စွာပြန်လည်ဖြေကြားပေးခြင်းဖြင့် သက်ဆိုင်ရာဌာနအသီးသီး၏ ဝန်ဆောင်မှုလုပ်ငန်းအရည်အသွေးကို သိရှိနိုင်မည်ဖြစ်ပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် လိုအပ်ချက်များကို ပြုပြင်နိုင်မည်ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန /အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များက Short Code “1111” ဖြင့် SMS ပေးပို့ မေးမြန်းလိုက်သော မေးခွန်းများကို ပြန်လည်ဖြေကြားပေးခြင်းသည် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်သဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း အသိပေးနှိုးဆော်တင်ပြအပ်ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

28.04.2025
MDD

ငါးမွေးမြူရေးကန်များ အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်

နေအပူချိန်မြင့်မားလွန်ကဲမှုကြောင့် ငါးမွေးမြူရေးကန်များရှိ ကန်ရေများရေငွေ့ပြန်ပြီး ရေလျော့နည်းကျဆင်းလာသဖြင့် ကန်ထဲရှိငါးများ၏ စွန့်ပစ်အညစ် အကြေးကြောင့်သော်လည်းကောင်း၊ မွေးမြူထားသောငါးများကို အစာကျွေးလွန်ကဲသဖြင့် စားကြွင်းစားကျန်များကြောင့်သော်လည်းကောင်း၊ ရေထုညစ်ညမ်းပြီး ဆက်စပ်၍ ငါးရောဂါကျရောက်တတ်သဖြင့် သြဇာဓာတ်ထည့်သွင်းခြင်းနှင့် ငါးအစာအလွန်အကျွံကျွေးခြင်းကို လျှော့ချပေးပါရန်။ 

နံနက်ပိုင်း မိုးအုံ့သောရက်၊ နှင်းကျသောရက်များနှင့် နေထွက်နောက်ကျသောရက်များတွင် ငါးများခေါင်းထောင်လျက်ကူးခတ်ခြင်း၊ ကမ်းစပ်သို့စုပြုံလာခြင်းမျိုးရှိပါက ငါးမွေးမြူကန်သည် အောက်ဆီဂျင်လျော့နည်းမှုဖြစ်ပွားနေသဖြင့် ကန်အတွင်းသို့ ရေသစ်သွင်းခြင်း၊ ရေပန်းချခြင်း၊ ရေဒလက်များမောင်းပေးခြင်း၊ မွေးမြူကန်အတွင်း လှေလှော်ပေးခြင်း စသည့်နည်းလမ်းများအား ရေတွင်ပျော်ဝင်အောက်ဆီဂျင်မြင့်တက်စေရေး ဆောင်ရွက်ပေးပါရန်။

ငါးမွေးမြူရေးကန်များ နေအပူချိန်လွန်ကဲမှုကြောင့် ရေခန်းလာပါက သန့်ရှင်းသောရေသစ်များ ဖြည့်သွင်းပေးပါရန်။

ရေသစ်သွင်းရန် အခက်အခဲရှိပါက မွေးမြူထားသောငါးများကို အရေအတွက်လျှော့ချမွေးမြူရန်။

အပူချိန်ပြင်းပြသည့် အချိန်များဖြစ်သည့် နေ့လယ်ပိုင်းတွင် ငါးများ ကန်ပြောင်းရွှေ့ခြင်းမပြုရန်။

ကန်ရေ အရည်အသွေးသတ်မှတ်ချက်ဖြစ်သည့် ရေကြည်နှုန်း (၂၅-၄၀) စင်တီမီတာ အတွင်းရှိ နေစေရန် (မိမိလက်ကို တံတောင်ဆစ်အထိ ရေတွင်နှစ်၍ လက်ဝါးကိုဖြန့်ပါက ခပ်ရေးရေးမြင်ရသော အခြေအနေရှိရပါမည်)။

ကန်ရေ အပူချိန်မြင့်မားသောအချိန်များတွင် ရေထုညစ်ညမ်းမှုဖြစ်စေသည့် ကဇော်ဖတ်၊ ဝါးဇော်ဖတ်များကျွေးခြင်းကို ရှောင်ကြဉ်၍ ပုံမှန်အစာများကိုသာ ချိန်ဆကျွေးပါရန်။

အစာကျွေးပြီးပါက အစာကျန်များ ရှိ/မရှိကို ပုံမှန်စစ်ဆေးပါရန်။

မွေးမြူရေးကန်အား လိုအပ်ပါက ရေသစ်လဲလှယ်နိုင်ရေးအတွက် ရေကောင်းရေသန့် သိုလှောင်သည့် အရန်ကန်စီစဉ်ထားရှိပြီး ရေများရနိုင်သမျှ သိုလှောင်ထားပါရန်။

ကန်အခြေအနေနှင့် ရေအရည်အသွေးပြောင်းလဲမှုအခြေအနေများကို နေ့စဉ်နံနက်(၆)နာရီ၌ ပုံမှန်စစ်ဆေးပါရန်။

ငါးမွေးကန်၌ ပုံမှန်မဟုတ်သော အခြေအနေပြောင်းလဲခြင်းမျိုးများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိရပါက အနီးဆုံးငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ပါရန်။ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန

28.04.2025
MDD

နိုင်ငံရေးပါတီတည်ထောင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိ

နေပြည်တော် ဧပြီ ၂၅

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့ပါသည်။

ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၂၂ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့်ပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၇၂ ပါတီရှိပြီ ဖြစ်သည်။ ယခု လျှောက်ထားသည့်အဖွဲ့အား ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

26.04.2025