ယနေ့ညနေမှ ဇွန် ၁၇ ရက်အတွင်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍မိုးကြီးမည်

နေပြည်တော် – ဇွန် ၁၁

ယနေ့ညနေ ၄ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း ယနေ့ညနေမှ ဇွန် ၁၇ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ်ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိတိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့်ရှိနိုင်သည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီး တွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင် သတိပြု နိုင်ရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ