ကေတုမတီမြို့ဟောင်းကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်

 

မြန်မာနိုင်ငံ၊ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်းရှိ မြို့ရိုးနဲ့ကျုံးတည်ရှိရာ ဒေသကို ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် သတ်မှတ်လိုက်သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။ 

ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရန် ယခုကဲ့သို့ သတ်မှတ်လိုက်ခြင်းဖြစ်ပြီး သတ်မှတ်လိုက်သည့် အတိုင်းအတာသည် တောင်ငူမြို့ရိုးမှစ၍ မြို့ရိုးအတွင်းနှင့် မြိုရိုးအပြင်ဘက် နေရာများကို သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ သတ်မှတ်လိုက်သည့်အတွက် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့လာပြီး ဒေသခံများအနေဖြင့်လည်း ရှေးဟောင်းယဉ်ကျေးမှုများကို ထိန်းသိမ်းတတ်လာစေမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းလင်းမှ ပြောကြားသည်။ 

မြို့ရိုးကို အုတ်ပေါင်း (၃၈၇) သိန်းကျော်ဖြင့် တည်ဆောက်ထားပြီး အုတ်မြို့ရိုး၏ အတွင်းဘက်တွင် မြို့ရိုး ပိုမိုကြံ့ခိုင်စေရန်အတွက် မြေသားများဖြင့် ထောက်ပိုးထားပြီး မြို့ရိုး၏အပြင်ဘက်တွင် ရေကျုံး၊ နွံကျုံးတို့ဖြင့် ဝန်းရံထားခြင်းဖြစ်သည်ဟု သိရသည်။ 

ကေတုမတီမြို့ဟောင်းရှိ မြို့ရိုးနဲ့ကျုံးတို့ တည်ရှိရာဒေသကို ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခြင်းကို သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၂/ ၂၀၂၅ ဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ်ထားသည့် ဇုန် (၄၉) ဇုန် ရှိပြီးဖြစ်သည်။