ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး မန္တလေးငလျင်ဒဏ်ကြောင့် ဝန်ထမ်းမိသားစုများ ဘာရှာအဆောက်အအုံအတွင်း ယာယီပြောင်းရွှေ့နေထိုင်နေမှု ကြည့်ရှုစစ်ဆေး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် မေလ (၅)ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ရုံးမြေဧရိယာအတွင်း၌ မန္တလေးငလျင်ဒဏ်ကြောင့် ပြည်ထောင်စုဝန်ကြီးရုံး ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ဆောက်လုပ်ပြီးစီးခဲ့သည့် ဘာရှာအဆောက်အအုံသို့ ပြောင်းရွှေ့နေထိုင်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရုံးမြေ ဧရိယာအတွင်းရှိ ခြောက်ခန်းတွဲဝန်ထမ်းအိမ်ရာဝန်းကျင်၌ ကိုယ်စီဆောက်လုပ်ပေးထားသော ဘာရှာအဆောက်အအုံများတွင် ဝန်ထမ်းများ မိသားစုအလိုက်နေထိုင်မှု၊ လျှပ်စစ်မီး သွယ်တန်းထားရှိမှု၊ သုံးရေသွယ်တန်းထားရှိမှု၊ ရေချိုးခန်းနှင့်သန့်စင်ခန်း တည်ဆောက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများကို အားပေးစကားပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်မှပေးအပ်မည့် Container House များ ရရှိပါက တည်ဆောက်ထားရှိရန် ရွေးချယ်ထားသည့်နေရာများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရှိကြရန် မှာကြားသည်။

ညနေပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ယာယီပြောင်းရွှေ့နေထိုင်မှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။