ပွင့်ဖြူမြို့နယ်၌ ငှက်ပျောဈေးကွက် ကောင်းမွန်၍ စိုက်ပျိုးတောင်သူများ အဆင်ပြေ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ငှက်ပျောဈေးကွက် ကောင်းမွန်လာသဖြင့် ငှက်ပျောစိုက်ပျိုးတောင်သူများ အကျိုးအမြတ်ရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့ဒေသမှာ ငှက်ပျောဈေးကွက် ကောင်းမွန်လာလို့ ဒေသတွင်းရှိ ငှက်ပျောစိုက်ပျိုးတောင်သူတွေ လုပ်ငန်းအဆင်ပြေကြတယ်။ ကျွန်တော်တို့ တောင်သူအများစုက ပွင့်ဖြူမြို့နယ်မှ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ တွဲဖက်ပြီး ငှက်ပျောကို အားထားစိုက်ပျိုးကြပါတယ်။ အဓိက စိုက်ပျိုးတဲ့ ငှက်ပျောကတော့ ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ ရခိုင်ငှက်ပျော၊ သီးမွှေး ငှက်ပျောတို့ကို စိုက်ပျိုးကြတယ်။ ဖီးကြမ်းငှက်ပျောက လူကြိုက်များပြီး အရောင်းသွက်ကာ ဈေးပိုရတဲ့အတွက် တောင်သူတွေအများစုက အခြားငှက်ပျောထက် ပိုပြီးစိုက်ပျိုးကြပါတယ်”ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဖီးကြမ်းငှက်ပျောစိုက်ပျိုးသည့် ဒေသခံတောင်သူတစ်ဦးက ပြောသည်။ 

တင်ပို့ရောင်းချ

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေကို စနစ်တကျအသုံးချပြီး ဒေသနှင့်ကိုက်ညီသည့် ငှက်ပျောမျိုးများကို တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကာ စိုက်ပျိုးထွက်ရှိသော ငှက်ပျောသီးများကို လက်လီလက်ကားဈေးသည်များကို ဖြန့်ဖြူးရောင်းချပေးသကဲ့သို့ မင်းဘူး၊ မကွေး၊ ရန်ကုန်၊ မန္တလေးမြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)