(၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

(၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြပွဲ၊ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသ ရောင်းချသွားမည် ဖြစ်သည့အပြင် ဂီတဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲ အတွင်း ပြခန်းပေါင်း(၉၉) ခန်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက် MSME ထုတ်ကုန်များ၊ ရိုးရာအစားအစာများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူနိုင်ပြီး တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားတွင် ဆုရရှိမည့် အသေးစား၊ အလတ်စားနဲ့အငယ်စား စီးပွားရေး လုပ်ငန်းဆုများ၊ One Region One Product (OROP)၊ သမဝါယမထုတ်ကုန်၊ စားသောက်ကုန် စသည့် ဆုခြောက်မျိုးအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် သိန်း၇၅၀ ချီးမြှင့်ပေးအပ်ရာတွင် သမားရိုးကျ ငွေစက္ကူတွေကို ပေးအပ်မည့်အစား Digital Payment Application မှ ပေးအပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။