တရုတ်သို့ ဆန်/ ဆန်ကွဲ တင်ပို့လိုသူများကို EOI ဖိတ်ခေါ်

 

တရုတ်နိုင်ငံသို့ ဆန်/ ဆန်ကွဲတင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားလိုသည့် ကုမ္ပဏီများကို စိတ်ဝင်စားမှု အဆိုပြုလွှာ EOI တင်ပြရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် (MRF) မှ ထုတ်ပြန်ထားသည်။

တင်ပို့လိုသည့် ကုမ္ပဏီများကို မြန်မာနှင့် တရုတ် နှစ်နိုင်ငံချုပ်ဆိုထားသည့် အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်သဘောတူစာချုပ် Sanitary and Phytosanitary (SPS) Protocol အရ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ နှစ်စဉ်ပုံမှန် စိစစ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမည်။ 

ဆန်/ ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင်လျှောက်ထားလိုသည့် ကုမ္ပဏီအသစ်များအနေဖြင့် EOI တင်ပြလျှောက်ထားနိုင်ပြီး ယခင်ခွင့်ပြုထားသည့် ကုမ္ပဏီများ   မပါဝင်ကြောင်း သိရသည်။

ထို့ကြောင့် တင်ပို့ခွင့်မှတ်ပုံတင်လျှောက်လိုသည့် ကုမ္ပဏီအသစ်များအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်ရေးနည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့ (မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်) တို့တွင် အဆိုပြုလွှာများကို ရယူနိုင်သည်။

ဆန်/ ဆန်ကွဲတင်ပို့ရန်အတွက် EOI အဆိုပြုလွှာများကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး အဆိုပြုတင်ပြလျှောက်ထားရမည်ဖြစ်သည်။ 

လက်ရှိတွင် နိုင်ငံတကာဈေးကွက်ကို ဧည့်မထ/ ငစိန် အုပ်စုဝင်များဖြစ်သည့် ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-11 ၊ စောရှုပ်၊ ၇၄၇၊ သီးပု၊ ကောက်နှံ စသည့် ဆန်ကြမ်းများကို အဓိကတင်ပို့နေသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်နဲ့ဆန်ကွဲ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးထက် ပင်လယ်ရေကြောင်းမှ အများဆုံးတင်ပို့နေပြီး ပြီးခဲ့သည့် ဧပြီလတွင် ပင်လယ်ရေကြောင်းမှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် (၃၃,၂၂၃) တန်နှင့် ဆန်ကွဲတန်ချိန် (၂၈,၃၅၃) တန် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။