မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ် နှစ်နိုင်ငံမီဒီယာ ဆွေးနွေးပွဲနှင့် နှစ်သိမ့်အားပေးပွဲ ကျင်းပမည်

 

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇွန်လ (၁) ရက်နေ့တွင် “အနာဂတ်ဆီသို့ အတူလက်တွဲလျှောက်လှမ်းမည်” နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲကို နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “ အနာဂတ်ဆီသို့ အတူလက်တွဲ လျှောက်လှမ်းနိုင်ရန်အတွက် နှစ်နိုင်ငံအကြား မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် သဘာဝဘေးအခြေအနေနှင့် သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် မီဒီယာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့(MISIS)၊ မြန်မာ့ရေးရာ၊  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် China Media Group (CMG)တို့မှ တာဝန်ရှိသူများက ဆွေးနွေးသွားကြမည်ဖြစ်သည်။ ဆက်လက်ပြီး ဇွန်လ(၇)ရက်နေ့တွင် “အားပေးတွဲယူ ဖေးမကူ” ငလျင်ဘေးသင့်ပြည်သူများအတွက် နှစ်သိမ့်အားပေးပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။