မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ တရုတ်- အာဆီယံ ၁၀ နိုင်ငံအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး

မေ ၂၅

မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ ၊ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးမျိုးထွန်း(မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးဆန်းဦး (မင်းလပြည့်-ဟားခါး)တို့သည် မေ ၂၄ ရက် နံနက်ပိုင်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံနန်နင်းမြို့ ကွမ်းရှီးမင်ဇူး တက္ကသိုလ်တွင် စတင်ကျင်းပသည့် တရုတ်- အာဆီယံ ၁၀ နိုင်ငံ လူငယ်စာပေဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ တရုတ်နိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌအပါအဝင် မြန်မာ၊ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လာအိုနိုင်ငံတို့မှ စာရေးဆရာအသင်း ဥက္ကဋ္ဌများနှင့်  အဖွဲ့ဝင် စာရေးဆရာများ တက်ရောက်ပြီး မိမိတို့နိုင်ငံ လူငယ်စာပေဖွံ့ဖြိုးရေးဆိုင်ရာ အခြေအနေများကို အလှည့်ကျ ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌက မိမိတို့နိုင်ငံတွင် နိုင်ငံတော်အစိုးရကိုယ်တိုင် ဦးဆောင်၍ လူငယ်စာပေပွဲတော်များ၊ စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများ၊  လူငယ်စာပေအကျိုးပြု  လူငယ်စာပေများကို အမျိုးသားစာပေဆု၊ စာပေဗိမာန် စာမူဆုများ ချီးမြှင့်လျက်ရှိကြောင်းနှင့်   ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေး၊ ငယ်စဉ်ကလေးဘဝမှစ၍ မိမိတို့နိုင်ငံကို ချစ်မြတ်နိုးစိတ် မြင့်မားလာစေရေးတို့အတွက် သက်ဆိုင်ရာ နိုင်ငံများအလိုက် စာရေးဆရာများ၏ အခန်းကဏ္ဍ လွန်စွာ အရေးကြီးကြောင်းတို့ကို ဆွေးနွေးပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် ၄၆ ဦး တက်ရောက် ကြကြောင်းနှင့် အစည်းအဝေးကို ရသစာပေ မျှဝေခံစားရေး၊ အခြားလေ့လာရေး ခရီးစဉ်များနှင့် တွဲဖက်ကာ မေ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်