ပြန်ကြားရေးဝန်ကြီးဌာနရှိငလျင်ဘေးသင့်ဝန်ထမ်းများအတွက် အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့က လူသားချင်းစာနာထောက်ထားမှုအကူအညီများ လာရောက်လှူဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဧပြီလ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် အလိုတော်ပြည့်ဆရာတော်ကြီး၏ လက်ထောက်ဆရာတော် အရှင်ကုမာရ ဦးဆောင်သော အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့အား နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦထိခိုက် ပျက်စီးမှုအခြေအနေများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်မှု အခြေအနေများ၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ယခုကဲ့သို့ ပစ္စည်းများလာရောက်လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း တင်ပြလျှောက်ထားပြီး ငလျင်ကြောင့် ဝန်ကြီးဌာနရုံးအဆောက်အဦ ထိခိုက်မှုများကို လိုက်လံရှင်းလင်း ပြသသည်။
ယင်းနောက် အရှင်ကုမာရဦးဆောင်သော အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့က ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အရှင်ကုမာရဦးဆောင်သော အလိုတော်ပြည့် ကယ်ဆယ်ရေးအဖွဲ့အား ဝန်ကြီးဌာနမျက်နှာစာ၌ ဝန်ထမ်းများအတွက် ယာယီဘာရှာများ စနစ်တကျ တည်ဆောက်နေမှုကို လိုက်လံပြသခဲ့သည်။