“Radiance & Fragrance-A Brighter Future for Women” အစီအစဉ်သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်မှ တက်ရောက်

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၇-၃-၂၀၂၅ ရက်နေ့တွင် ကွမ်ရှီးဒေသနိုင်ငံခြားရေးရုံးမှ ကြီးမှူးပြုလုပ်သော “Radiance & Fragrance-A Brighter Future for Women” အစီအစဉ်သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းနှင့် အမျိုးသမီးဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။ 
အဆိုပါအစီအစဉ်ကို ကမ္ဘာ့အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကာ ကွမ်ရှီးဒေသရှိ အစိုးရဌာန၊ အဖွဲ့အစည်း၊ ကျောင်းများမှ အမျိုးသမီးဝန်ထမ်းများ၊ ဆရာမများ၊ နန်နင်းမြို့အခြေစိုက် အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများမှ အမျိုးသမီးကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်ချုပ်များ၏ ဇနီးများ၊ အမျိုးသမီးဝန်ထမ်းများစသည်ဖြင့် (၅၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါပွဲတွင် ကွမ်ရှီးဒေသနိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Sun Chunhua က အဖွင့်နှုတ်ဆက်စကားပြောကြားခဲ့ကာ ပါဝင်တက်ရောက်သူများက စကားဝိုင်းဆွေးနွေးပွဲ၊ ကျွမ့်ရိုးရာလက်မှုပညာသင်တန်းနှင့် ပန်းအလှဆင်သင်တန်း အစီအစဉ်များတွင် တက်ကြွစွာပါဝင်ခဲ့ကာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာ့ရိုးရာအစားအစာဖြစ်သည့် မုန့်ဟင်းခါးဖြင့် ပါဝင်တည်းခင်းဧည့်ခံခဲ့ကြောင်း သိရသည်။