ထိရောက်သောလူထုဆက်ရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည် မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသည့်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များကို ညစာဖြင့်တည်ခင်းဧည့်ခံ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖေဖော် ဝါရီလနေ့မှ ၂၆ ရက်မှ ၂၈ ရက်နေ့ထိ တာဝန်ယူကျင်းပမည့် ထိရောက်သောလူထုဆက်ရေးအတွက် အစိုးရပြောရေး ဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort တွင် ညစာဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။ 

အဆိုပါ ညစာစားပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးနှင့် အဖွဲ့ဝင်များ၊ အလုပ်ရုံဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးပို့ချကြမည့် သင်တန်းနည်းပြများ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အလုပ်ရုံဆွေးနွေးပွဲကို လေ့လာသူများအဖြစ်တက်ရောက်လာကြသည့် ဂျပန်နိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက အစိုးရ၏ဆက်သွယ်ညှိနှိုင်းပြောဆိုရေးကဏ္ဍတွင် အရည် အသွေးနှင့်ထိရောက်မှုကိုမြှင့်တင်ရန် တူညီသောကတိကဝတ်များနှင့် စည်းလုံးညီညွတ်စွာဖြင့် အာဆီယံဒေသအတွင်းရှိ လုပ်ဖော်ကိုင်ဖက်များအားလုံး တစ်စုတစ်ဝေးတည်း ဆုံတွေ့ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်‌မြောက်မိပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် အများပြည်သူနှင့် ထိရောက်သောဆက်သွယ်ရေး အကျပ်အတည်းများကို စီမံခန့်ခွဲသော နည်းစနစ်များနှင့် အစိုးရဌာနများ၏ သတင်းစကားများကို ရှင်းလင်းစွာဖြင့် ထိရောက်စွာပေးပို့သည့် နည်းစနစ်များကို လေ့လာသင်ယူသွားကြရမှာဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသည် အာဆီယံ၏ စွမ်းရည်မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကတိကဝတ်ပြုချက်ကို သက်သေပြလျက်ရှိပါကြောင်း၊ ဆက်သွယ်ညှိနှိုင်းပြောဆိုမှု အခန်းကဏ္ဍသည် သတင်းအချက်အလက်များကို မျှဝေရုံအတွက်သာမက ပိုမိုသာလွန်သည့် အပြန်အလှန်ဆွေးနွေးမှု၊ စာနာမှုနှင့် အပြန်အလှန်နားလည်မှုများအတွက် အခြေခံအုတ်မြစ်ပင် ဖြစ်ပါကြောင်း၊ အချင်းချင်းအပြန် အလှန်သင်ယူ ခြင်း၊ အသိပညာနှင့်အတွေ့အကြုံများကို ဖလှယ်ခြင်းနှင့်ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ကို မွေးမြူခြင်းဖြင့် နိုင်ငံတော်အစိုးရအသီးသီးသည် လူထုနှင့်ပိုမိုထိရောက်စွာ ချိတ်ဆက်နိုင်ပြီး ထိတွေ့ဆက်ဆံနိုင်မှုစွမ်းရည်ကို အားကောင်းလာစေနိုင်မှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်  ညစာစားပွဲကို တက်ရောက်လာကြသည့် သင်တန်းနည်းပြများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များကို အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ဆက်လက်ပြီး အခန်းအနား တက်ရောက်လာကြသူများနှင့် ညစာကို အတူတကွသုံးဆောင်ကြပြီး ညစာသုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှတေးသံရှင်များမှ အာဆီယံနိုင်ငံများအလိုက် ယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းစဉ်လာများကို ဖော်ကြူးရေးစပ်ထားသည့် တေးသီချင်းများဖြင့်တွဲဖက်ပြီး အကအလှများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့သည်။ 

နေ့လည်ပိုင်းမှာလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက် ရတနာပြတိုက်ကိုသွားရောက်ပြီး ခင်းကျင်းပြသထားသည့် ကျောက်စိမ်း ကျောက်မျက်၊ ပုလဲ၊ ရှားပါးမြန်မာ့တွင်းထွက်ရတနာများနှင့် ကျောက်မျက်ရတနာ အရောင်းပြခန်းများကို လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။