တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း နို့တိုက်သတ္တဝါ (၆၇)မျိုးနှင့် ငှက်မျိုးစိတ် (၂၄၄)မျိုး ရှင်သန် ကျက်စားနေမှု မှတ်တမ်းတင်တွေ့ရှိ

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နှင့် ရေဖြူမြို့နယ်အတွင်း တည်ရှိသော တနင်္သာရီ သဘာဝကြိုးဝိုင်းအတွင်း နို့တိုက်သတ္တဝါ (၆၇)မျိုးနှင့် ငှက်မျိုးစိတ် (၂၄၄)မျိုး ရှင်သန်ကျက်စားနေမှုကို မှတ်တမ်းတင်တွေ့ရှိရကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။ 

တိုင်းဒေသကြီးသစ်တောဦးစီးဌာနသည် တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း ကင်မရာထောင်ချောက်များ တပ်ဆင်၍ ဇီဝမျိုးစုံမျိုးကွဲများနှင့် တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်မှုကို သိရှိမှတ်တမ်းတင်နိုင်ရန်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ရေရှည်ရှင်သန်ဖွံ့ဖြိုးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အဆိုပါ သဘာဝကြိုးဝိုင်းအတွင်း မျိုးသုဉ်းရန် အန္တရာယ်ရှိနေသော အာရှဆင်၊ တောခွေးနှင့် မျိုးသုဉ်းလုနီးရင်ဆိုင်နေရသည့် သင်းခွေချပ်အပြင် အင်းကျား၊ ကြံ့သူတော်၊ ကျားသစ်နက်၊ ကြောင်မြင်း၊ မလေးဝက်ဝံနှင့် အင်ဒိုချိုင်းနားကျား စသည့်မျိုးစိတ်များလည်း ရှင်သန်ကျက်စားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော ငှက်မျိုးစိတ် (၃)မျိုးနှင့် မျိုးသုဉ်းရန်အန္တရာယ်ကျရောက်လုနီးပါး ရင်ဆိုင်နေရသည့် ငှက်မျိုးစိတ် (၁၀)မျိုးအပါအဝင် ငှက်မျိုးစိတ်များစွာ တည်ရှိနေသည်။ တနင်္သာရီသဘာဝကြိုးဝိုင်းကို တိုင်းဒေသကြီးမြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ အပူပိုင်းမုတ်သုံသစ်တောဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်အတွက် ၂၀၀၅ ခုနှစ်၊ မတ် ၃၀ ရက်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် ၁၈/၀၅ ထုတ်ပြန်၍ သတ်မှတ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

သစ်တာဦးစီးဌာနသည် သဘာဝကြိုးဝိုင်းအတွင်း အမာခံထိန်းသိမ်းရေးနယ်မြေ ၃၃၆,၉၁၂ ဧက၊ ကြားခံထိန်းသိမ်းရေးနယ်မြေ ၇၉,၉၅၂ ဧကနှင့် ဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းရေးနယ်မြေ ၃,၂၁၃ ဧကဟူ၍ ဇုန်နယ်မြေများသတ်မှတ်ကာ စီမံအုပ်ချုပ်လျက်ရှိကြောင်းသိရသည်။ တနင်္သာရီသဘာဝကြိုးဝိုင်းသည် သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် ဒေသခံအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် အလားအလာရှိသော သဘာဝထိန်းသိမ်းရေးနယ်မြေတစ်ခုဖြစ်ပြီး ရေချိုအရင်းအမြစ်များစွာ တည်ရှိနေသည့်အတွက် တောတွင်းခရီးသွားလာခြင်း၊ လေ့လာရေးနှင့် သုတေသနပြုလုပ်ငန်းများကိုလည်း အကျိုးပြုလျက်ရှိကြောင်း သိရသည်။