မော်လီကျူလာနည်းပညာဖြင့် ပျားမျိုးစိတ်များ၏ မျိုးဗီဇကို သုတေသနပြုလေ့လာတွေ့ရှိ
- 1 view
မြန်မာနိုင်ငံ၏ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လိုအပ်ချက်များကိုသုတေသီပညာရှင်များက ဖော်ထုတ်လျက်ရှိရာ ပျား၏မျိုးရိုးဗီဇကို မော်လီကျူလာနည်းပညာကိုအသုံးပြုပြီး ပျားမျိုးစိတ်များကိုသိရှိရန်နှင့် မြန်မာနိုင်ငံရှိ ပျား၏မျိုးဗီဇကို သိရှိနိုင်ပြီး မျိုးထိန်းခြင်းနှင့် မျိုးမြှင့်တင်ခြင်းများ ပြုလုပ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာနတွင် သုတေသနပြု ခွဲခြားလေ့လာတွေ့ရှိခဲ့ကြောင်းသိရသည်။
ပျားမွေးမြူရေးလုပ်ငန်းသည် ပျားရည်နှင့် ပျားထွက်ပစ္စည်းကဏ္ဍမှ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်သော လုပ်ငန်းတစ်ခုဖြစ်ပြီး လက်ရှိပျားမျိုးစိတ်များကို သုတေသနပြု ဆောင်ရွက်လျက်ရှိသည်။ မွေးမြူရေးသုတေသနဦးစီးဌာနတွင် နှစ်စဉ် သုတေသနအမျိုးပေါင်း ၃၀ မှ ၅၀ အထိ သုတေသန ပြုလုပ်လျက်ရှိသည်။ စိုက်ပျိုးရေးထွက်ကုန်ကဏ္ဍတွင် ပျားရည်သည် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်ပြီး နှစ်စဉ်နိုင်ငံခြားပို့ကုန်အဖြစ် ဒေါ်လာသန်း ရာဂဏန်းရရှိသည်။
ပျားမွေးမြူခြင်းအားဖြင့် စိုက်ပျိုးတောင်သူများ သီးနှံထွက်နှုန်းပိုကောင်းပြီး အောင်မြင်သည့်အပြင် တစ်ဖက်တွင်လည်း ပျားရည်လည်းရရှိသည့်အတွက် စိုက်ပျိုးမွေးမြူရေးတွင် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ပျားသုတေသနများကို ပြုလုပ်ရခြင်းဖြစ်သည်။ သုတေသနပြုလုပ်ခြင်းမှ ရရှိလာသော ပျားမျိုးဗီဇကို မော်လီကျူလာနည်းပညာများဖြင့်ဖော်ထုတ်ပြီး ကမ္ဘာ့မျိုးဗီဇဘဏ်တွင် မြန်မာပျားများကို မှတ်ပုံတင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ရှမ်းပြည်အပါအဝင် ပျော်ဘွယ်၊ မိတ္ထီလာ စသည့်ဒေသများတွင် ပျံ့နှံ့နေသော ပျားများကို ပျားနမူနာကောင်များထံမှ DNA ရယူပြီး မျိုးရိုးဗီဇများကို တွက်ချက်၍ ဒေတာရယူကာ မြန်မာနိုင်ငံရှိ ပျားမျိုးများကို နိုင်ငံခြားမျိုးများဖြင့် မျိုးစပ်မြှင့်တင်ခြင်းလုပ်ငန်းများလည်း ဆောင်ရွက်သွားရန်ရှိကြောင်း သိရှိရသည်။ တောင်သူများကို နည်းပညာပေးရန်နှင့် နိုင်ငံအတွင်း စားရေရိက္ခာဖူလုံရေးအတွက် ယခုကဲ့သို့ သုတေသနများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။