မြန်မာဖိုက်တာ ဂျိုရှုအာဗန် ဘရာဇီးဖိုက်တာကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့
- 1 view
၂၀၂၅ ခုနှစ် ဇွန်လ (၈)ရက်နေ့ နံနက်ပိုင်းက အမေရိကန်နိုင်ငံ၌ ကျင်းပသည့် UFC-316 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ဂျိုရှုအာဗန်ပါဝင်ထိုးသတ်ခဲ့ပြီး ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။
ဂျိုရှုအာဗန်သည် ဘရာဇီးဖိုက်တာ ဘရူနိုဆေးလ်ဗားနှင့် တွေ့ဆုံခဲ့ပြီး တတိယအချီ ၄ မိနစ် ၁ စက္ကန့်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဂျိုရှုအာဗန်သည် နောက်ဆုံး (၄)ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး UFC နှင့် လက်တွဲပြီးနောက် (၇)ပွဲမြောက် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဂျိုရှုအာဗန်သည် ယခင်ပွဲများထက် နည်းစနစ်ပိုကောင်းလာသကဲ့သို့ လက်သီးထိုးချက်များ သိသိသာသာကောင်းမွန်လာသဖြင့် အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဘရူနိုသည် ပထမအချီတွင် ခြေကန်ချက်များဖြင့် တုံ့ပြန်ခဲ့သော်လည်း ဂျိုရှုအာဗန်က အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီး ဘယ်ညာတွဲလုံးလက်သီးများက ဘရူနို၏ မျက်နှာကို ဆက်တိုက်ကျရောက်ခဲ့သည်။ တတိယအချီတွင် အသက်အရွယ်ရလာသည့် ဘရူနို သက်လုံကျလာ၍ ဂျိုရှုအာဗန် ပိုသာလာပြီး လက်သီးချက်များ ဆက်တိုက်ပစ်သွင်းကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဂျိုရှုအာဗန်သည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ၁၆ ပွဲမြောက် ထိုးသတ်ရာတွင် ၁၄ ပွဲမြောက် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။