မြန်မာ့မဟာဂီတကို ယူနက်စကိုတင်ရန် စီစဉ်
- 1 view
နန်းတွင်းမဟာဂီတများကို ပြန်လည်စုစည်းပြီး ယူနက်စကို တင်သွင်းနိုင်ရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဂီတမြို့ Music City Myanmar ၏ တည်ထောင်သူ ထပ်ဆင့် အကယ်ဒမီ ဓီရာမိုရ်မှ ပြောကြားခဲ့သည်။
မဟာဂီတကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် မဟာဂီတသီချင်း တော်တော်များများကို စုထားနိုင်ပြီဖြစ်သည်ဟု သိရသည်။ နန်းတွင်းခေတ်ကတည်းက ရှိခဲ့သည့် သီချင်းများဖြစ်သော မဟာဂီတသည် ယခုနောက်ပိုင်း မြန်မာနိုင်ငံတွင် ဖျော်ဖြေရန် အခွင့်အလမ်းနည်းလာပြီး မဟာဂီတကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ယခုကဲ့သို့ ဆောင်ရွက်ရတာ ဖြစ်သည်ဟု ထပ်ဆင့်အကယ်ဒမီ ဓီရာမိုရ်က ဆက်လက်ပြောကြားခဲ့သည်။ မဟာဂီတသီချင်းများသည် ကမ္ဘာတွင် အများနှင့်မတူသည့် သံစဉ်များဖြစ်သည့်အတွက် ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ခဲ့လျှင် ကမ္ဘာက မြန်မာနိုင်ငံတွင် ကောင်းမွန်သည့် ဂီတရှိသည်ကို သိရှိပြီး ဝိုင်းဝန်းထိန်းသိမ်းကြမည်ဆိုပါက အကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်သည်ဟု ဆိုသည်။ မြန်မာတို့၏ ဆို၊ က၊ ရေး၊ တီး ကဏ္ဍတွင် ဂီတသည် အနုပညာရိုးရာ ဖော်ထုတ်ရာတွင် အသက်ဖြစ်သည်ဟု သိရသည်။ ထီးနန်းစဉ်လာ မဟာဂီတဆိုင်ရာ သီချင်းများတွင် သားချော့တေးများကို ဝိမ္ဗာသားကျူး၊ ဝိမ္ဗာလွှဲချင်း၊ ဧယဉ်တော်ကျူး စသည်ဖြင့် ခေါ်ဆိုကြသည်ဟု သိရသည်။ ယူနက်စကိုသည် နိုင်ငံအသီးသီး၏ ဒြပ်မဲ့ယဉ်ကျေးမှုများကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ကော်မတီကို ၂၀၀၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံက ၂၀၁၃ ခုနှစ်၌ အဆိုပါ ကွန်ဗင်းရှင်းကို ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။
Credit: Music City Myanmar