ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကျဆင်းလာ၍ မုတ္တမကမ်းလွန် လုပ်ကွက်သစ်ကို မြန်မာ-ထိုင်း အကောင်အထည်ဖော်

 

ကမ်းလွန်စီမံကိန်းများတွင် သဘာဝအလျောက် ရေနံနှင့် ဓာတ်ငွေ့ထုတ်လုပ်မှုကျဆင်းလာသည့်အတွက် မုတ္တမကမ်းလွန်လုပ်ကွက် (မင်းရဲသူစီမံကိန်း) အသစ်ကို မြန်မာ-ထိုင်းပူးပေါင်းပြီးအကောင်အထည်ဖော်မည်ဖြစ်ပြီး ထိုစီမံကိန်းအကောင်အထည်ဖော်ပြီးပါက ၂၀၂၈ ခုနှစ်တွင် ပထမဆုံး သဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။  

ယခုရက်ပိုင်းအတွင်း မုတ္တမကမ်းလွန်လုပ်ကွက် (M-10) (မင်းရဲသူစီမံကိန်း)ကို စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် မြန်မာနိုင်ငံအခြေစိုက် ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီ Gulf Petroleum Myanmar Co., Ltd. တို့အကြား သ‌ဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။

လက်ရှိအချိန်အထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ရတနာ၊ ရဲတံခွန်၊ ဇောတိကနှင့် ရွှေကမ်းလွန်စီမံကိန်းကြီး (၄)ခု၊ ထပ်မံရှာဖွေ တူးဖော်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် ကမ်းလွန်စီမံကိန်းကြီး (၂)ခု စုစုပေါင်း ကမ်းလွန်စီမံကိန်းကြီး (၆)ခု ရှိပြီးဖြစ်သဖြင့် အခုမုတ္တမကမ်းလွန် လုပ်ကွက် (M-10) (မင်းရဲသူစီမံကိန်း)သည် (၇)ခုမြောက် စီမံကိန်းတစ်ခုလည်းဖြစ်သည်။