ကော့သောင်းမြို့၌ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ဖွင့်ပွဲကျင်းပ

 

ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက် ကမ်းနားလမ်းရှိ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို    ဇွန် ၂ ရက် နံနက်က ကျင်းပခဲ့ကြောင်းသိရသည်။

အဆောက်အအုံသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ဂိတ် အဆောက်အအုံသစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံခြားသင်္ဘောများနှင့် စက်လှေများ မြို့မဆိပ်ခံတံတားကို ပိုမို ဝင်/ထွက် ဆိုက်ကပ်လာ၍ တိုးတက်လာသည့်ခေတ်နှင့်အညီ နှစ်ပေါင်း(၆၀)ခန့်အဆောက်အအုံကို မြန်မာ့ယဉ်ကျေးမှု အနုသုခုမ လက်ရာများဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် လူမှုစီးပွားဆက်သွယ်ရေးကို မြှင့်တင်ရန်၊ နယ်စပ်ဖြတ်သန်းမှု စနစ်တကျဖြစ်စေရန် နိုင်ငံတကာအဆင့်မီသည့် နယ်စပ်ဝင်/ထွက်ဂိတ် အဆောက်အအုံအဖြစ် ယခုလိုလာမည့် ပြင်ဆင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးသွားရာသီများတွင် နေ့ချင်းပြန်ညအိပ် ကျွန်းအလည်အပတ်ခရီးစဉ်များဖြင့် လာရောက်လည်ပတ်ပြီး ကော့သောင်းမြို့၏ သဘာဝအလှတရားများဖြစ်သည့် ရေ၊ မြေ၊ တော၊ တောင်တို့၏ အလှတရားများကို ကြည့်ရှုခံစားမည့် နိုင်ငံခြားခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်ကြောင်း၊ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ မိမိတို့ဒေသကို လာရောက်လည်ပတ်သည့်အခါတွင် မြို့၏ နယ်စပ်ဝင်ပေါက်/ ထွက်ပေါက် အထိမ်းအမှတ်တစ်ခုသည် ယခုကဲ့သို့ ခမ်းနားကြီးကျယ်ပြီး မြန်မာ့ယဉ်ကျေးမှု အနုသုခုမလက်ရာများဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံကို စတင်မြင်တွေ့လိုက်သည်နှင့် ဂုဏ်ယူဖွယ်ရာရရှိပြီး ကော့သောင်းမြို့၏ တိုးတက်လာသည့် လူနေမှုအဆင့်အတန်းများကိုလည်း သိရှိနားလည်ပြီးသားဖြစ်ကြောင်း ပြောကြားသည်။ 

ထို့နောက် နယ်စပ်ဂိတ်အဆောက်အအုံသစ်အတွင်း တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က နယ်စပ်ဂိတ်မှ ဆိုက်ရောက်ထွက်ခွာကြမည့် မြန်မာနိုင်ငံ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ အလည်အပတ်သွားကြမည့် ဒေသခံများအား နိုင်ငံကူးလက်မှတ်၊ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်၊ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များနှင့် နယ်စပ်ဖြတ်ကျော်သွားလာကြမည့် နိုင်ငံခြားသားများအား စိစစ်ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

အဆိုပါ အဆောက်အအုံကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေကျပ် ၁၆၉၇ ဒသမ ၁၄ သန်းဖြင့် ၂၀၂၃ ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ အောက်ခံအုတ်မြစ်ဘိုးပိုင်ဖောင်ဒေးရှင်းဖြင့် တည်ဆောက်ထားသည့် သံကူကွန်ကရစ် အဆောက်အအုံအမျိုးအစားဖြစ်ပြီး အလျား ပေ ၁၂၀၊ အနံ ပေ ၆၀၊ အမြင့် ၁၄ ပေရှိ၍ မြန်မာ့ရိုးရာယဉ်ကျေးမှုလွှမ်းခြုံသော ခေတ်မီဗိသုကာဒီဇိုင်းဖြင့် ဆောင်ရွက်ထားခြင်းဖြစ်သည်။ ယခုဖွင့်လှစ်ခဲ့သည့် အဆောက်အအုံသစ်ဖြင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့် ကော့သောင်းမြို့၏ သဘာဝအလှတရားများဖြစ်သည့် ရေ၊ မြေ၊ တော၊ တောင်တို့၏ အလှတရားများကို ကြည့်ရှုခံစားမည့် နိုင်ငံခြားခရီးသွားဧည့်သည်များ ဆိုက်ရောက်ထွက်ခွာရာ၌ ကော့သောင်းမြို့၏ ဂုဏ်ယူဖွယ်ရာရှိပြီး အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက် ထွက်ပေါက်အဖြစ် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။