မြန်မာနိုင်ငံမှရေထွက်ကုန်များကို တရုတ်နိုင်ငံ၊စီချွမ်းပြည်နယ် ဈေးကွက်အတွင်းသို့ပြန်လည်ဖြန့်ချိမည်
- 4 views
ကျင်းတုံးလေကြောင်းလိုင်း၏ ချန်ဒူး-ရန်ကုန် ကုန်တင်လေယာဉ်စတင်ပြေးဆွဲခြင်း အခမ်းအနားကို တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့၌ ၂၀၂၅ ခုနှစ်၊ မေလ (၂၆) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ချုံချင့်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါလေကြောင်း စတင်ပြေးဆွဲခြင်းအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့်အတူ စီချွမ်းပြည်နယ် လေကြောင်း တာဝန်ရှိသူများ၊ ကျင်းတုံးလေကြောင်းလိုင်း တာဝန်ရှိသူများ၊ မြန်မာနှင့်တရုတ်အကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသူများ တက်ရောက်ခဲ့သည်။
ထို့နောက် ချန်ဒူး Shuangliu လေကြောင်း စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ချန်ဒူး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအုပ်စုကုမ္ပဏီနှင့် JD လေကြောင်းတို့သည် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ ကျင်းတုံးလေကြောင်းလိုင်း၏ လေယာဉ်အမှတ် 737-800BCF သည် အထည်အလိပ်နှင့်ပိုးထည် အပြည့် တင်ဆောင်ကာ Chengdu Shungliu အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၂၅ ခုနှစ်၊ မေလ (၂၆) ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် (၁) နာရီ (၃၆) မိနစ်တွင် တိုက်ရိုက်ပျံသန်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ရေထွက်ကုန်များဖြစ်သည့် ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဥ့်တို့ကို တင်ဆောင်၍ တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။