အဆုတ်ကင်ဆာဖြစ်စေသည့် အမွှေးတိုင်နှင့် ခြင်ဆေးခွေအန္တရာယ်
- 1 view
ဘာသာရေးအရ ဝတ်ပြုဆုတောင်းရာတွင် အမွှေးတိုင်ထွန်း၍ဖြစ်ဖြစ်၊ ခြင်အန္တရာယ်ကင်းဝေး စေရန် ခြင်ဆေးခွေထွန်း၍ဖြစ်စေ မိမိတို့ပတ်ဝန်းကျင်တွင် မြင်တွေ့နေကျဖြစ်သောကြောင့် မထူးခြား သော်လည်း ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေသည်ကိုတော့ လူတိုင်း သတိမပြုမိကြပေ။
ထို့ကြောင့် အမွှေးတိုင် (သို့မဟုတ်) ခြင်ဆေးခွေများနှင့် ပတ်သက်၍ အမှုမဲ့အမှတ်မဲ့ မနေကြဘဲ ဂရုပြုမိစေရန် ဖော်ပြပေးလိုက်ပါသည်။ အမွှေးတိုင်များ၊ခြင်ဆေးခွေများမှ ထွက်လာသည့် မီးခိုးနံ့နှင့် အမွှေးနံ့တို့တွင် လူတို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ပန်းနာရင်ကြပ်ရောဂါ၊ ကင်ဆာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်းများကို ဖြစ်စေသည့် ဟိုက်ဒရိုကာဗွန်များ ပါဝင်နေသည်ဟု သုတေသီများက အတည်ပြုဖော်ပြထားသည်။ မှတ်တမ်းများအရ အမွှေးတိုင်များ၊ ခြင်ဆေးခွေများမှထွက်သည့် မီးခိုးငွေ့များကြောင့် ဖြစ်စေနိုင်သည့် အကျိုးသက်ရောက်မှု များမှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုအဖြစ် ချောင်းဆိုးခြင်းနှင့် နှာချေ/နှာမွှန်ခြင်းအပြင် ခြင်ဆေးခွေနှင့် အမွှေးတိုင်တို့မှ ထွက်လာသည့် ပြာမှုန့်များကလည်း အရေပြားယားယံစေခြင်း၊ ဓာတ်မတည့်မှုများကိုဖြစ်စေခြင်း၊ မျက်စေ့ယားယံခြင်း/ရောင်ရမ်းခြင်းများကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများတွင် ပို၍အဖြစ်များသည်။
အမွှေးတိုင်နှင့် ခြင်ဆေးခွေများမှ ထွက်လာသည့် မီးခိုးငွေ့ထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပါဝင်နေပြီး အဆိုပါဓာတ်ငွေ့က အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်ထဲသို့ ရောက်ရှိသွားပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကင်ဆာနှင့် အဆုတ်ကင်ဆာကို ဖြစ်စေနိုင်သည်။ ထို့ပြင် အမွှေးတိုင်နှင့် ခြင်ဆေးခွေမှ ထွက်လာသည့် မီးခိုးငွေ့များတွင် ခဲ၊ သံနှင့် မဂ္ဂနီဆီယမ် ဓာတ်များပါဝင်နေပြီး ထိုဓာတ်များက ခန္ဓာကိုယ်ထဲသို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာကာ အဆိပ်အတောက်များအဖြစ် ခန္ဓာကိုယ်အတွင်းဝင်ရောက်လာသည့်အပြင် ပတ်ဝန်းကျင်လေထုကိုပါ ညစ်ညမ်းစေနိုင်သည်။ အထူးသဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်စေနိုင်သောအခြေအနေသည် လေလုံခန်းထဲတွင် နေ့စဉ် အမွှေးတိုင် (သို့မဟုတ်) ခြင်ဆေးခွေ များကို ထွန်းထားပြီး ၎င်းတို့၏အနံ့များကို ရှူရှိက်မိသူများသည် စီးကရက်သောက်သုံးသူများထက် ၂၀ % ပိုများသည်ဟု လေ့လာချက်များအရ သိရပါသည်။
အချုပ်အားဖြင့်ဆိုသော် လေဝင်လေထွက်နည်းသောအခန်းတွင် တစ်နေ့တစ်နာရီခန့် အမွှေးတိုင် (သို့မဟုတ်) ခြင်ဆေးခွေများ၏အနံ့ကို ကာလကြာရှည်စွာ ရှူရှိုက်မိနေခြင်းသည် အဆုတ်ကင်ဆာကိုဖြစ်နိုင်ရန်အတွက် စီးကရက်သောက်သူထက် ပို၍အန္တရာယ်များသောကြောင့် မိမိတို့၏အသိဉာဏ်ဖြင့်သာ ဆင်ခြင်နိုင်ကြပါစေရန် ရေးသားတင်ပြလိုက်ရပါသည်။
ကိုးကား − Knowledge Zone