ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၂) ဘီလီယံကျော်ရှိခဲ့

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၂.၃) ဘီလီယံကျော် ရရှိခဲ့ကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှ သိရသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပိုငွေ ပိုမိုရရှိစေရေးအတွက် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ မေလ (၂၃) ရက်နေ့ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌမှ ပြောကြားခဲ့သည်။

ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများ အချိန်မီပြန်လည်ဝင်ရောက်ရေး၊ စက်သုံးဆီ/ စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးမှု အဆင်ပြေချောမွေ့စေရေးနှင့် CMP လုပ်ငန်းများ ပိုမိုတင်ပို့နိုင်ရေးကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်နေသည့်အတွက် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်တွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်မှုမရှိစေရေး သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှုများကြောင့် ကုန်သွယ်မှုလုပ်ငန်းများ အချိန်တိုအတွင်း ပုံမှန်အခြေအနေ ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ကော်မတီအနေဖြင့် ကုန်သွယ်မှုလျာထားချက်များ ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ရေးအတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး  နယ်စပ် ကုန်သွယ်ရေးနည်းလမ်း (Border Trade Method) နှင့် ရန်ကုန်-ကော့သောင်း-ရနောင်းနှင့် ရနောင်း-ကော့သောင်း-ရန်ကုန်ကို နယ်စပ်ကုန်သွယ်မှုနည်းလမ်း ကွန်တိန်နာစနစ်ဖြင့် တင်ပို့/ တင်သွင်းခြင်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လမှ စတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သတင်း - ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ