မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး ပြန်လည်တွေ့ရှိ
- 2 views
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်(၁)ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC) မှ အပတ်စဥ်သတင်းထုတ်ပြန်ချက်အဖြစ် ၂၀၂၅ ခုနှစ်၊ မေ (၁၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနမှ မေလ (၁၁) ရက်နေ့မှ မေလ (၁၈) ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာပေါင်း (၂,၄၆၁)ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁)ဦး တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
လက်ရှိ အာရှတိုက်တွင်းရှိ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် ဒေသတွင်းနိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာနေပြီး ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ မေလ (၁၇) ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ (၁၀၆,၄၈၁) ဦးရှိကာ သေဆုံးသူ (၂၆) ဦးရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ထို့ပြင် စင်ကာပူတွင် မေလအတွင်း Covid-19 ရောဂါ ဖြစ်ပွားမှု (၂၈) ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ကူးစက်ခံရသူဦးရေ (၁၄,၂၀၀) အထိရောက်ရှိခဲ့ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ထို့အတူ မြန်မာနိုင်ငံတွင်လည်း ၂၀၂၀ ခုနှစ်၊ ကိုဗစ်-၁၉ စတင်တွေ့ရှိချိန်မှ စတင်ကာ လက်ရှိ ၂၀၂၅ ခုနှစ်၊ မေလအထိ ပိုးတွေ့သူ စုစုပေါင်း (၆၄၃,၂၃၃) ဦး ရှိခဲ့ကာ သေဆုံးသူ (၁၉,၄၉၄) ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။