ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး(၂၉)ကြိမ်မြောက် အာဆီယံ-ကိုရီးယားဆွေးနွေးပွဲသို့ တက်ရောက်

 

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။ 

အဆိုပါဆွေးနွေးပွဲတွင် အာဆီယံနှင့်ကိုရီးယား အဆင့်မြင့်အရာရှိကြီးများသည် ဘက်စုံမဟာ ဗျူဟာပူးပေါင်းဆောင်ရွက်မှု (CSP) ဆက်လက်ခိုင်မာစေရေး ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့ကြပြီး၊ ၂၀၂၄ ခုနှစ်၌ (၃၅) နှစ်မြောက် တွေ့ဆုံဆွေးနွေးရေး၊ ဆက်ဆံရေးနှင့် တွဲဖက်၍ CSP ကို တည်ထောင်ပြီးနောက် အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု၏ အပြုသဘောဆောင်သောတိုးတက်လာမှုကို အသိအမှတ်ပြုခဲ့သည်။ 

ထို့ပြင် ဆွေးနွေးပွဲတွင် 2021-2025 ASEAN-ROK Plan of Action (POA)၊ နိုင်ငံရေးနှင့် လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးနှင့်  ရင်းနှီးမြှုပ် နှံမှု၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု၊ ခရီးသွားလာရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ လူငယ်ကဏ္ဍနှင့် ပြည်သူအချင်းချင်းဖလှယ်မှုတို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။