ကန်ထရိုက်တာများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အာမခံထားတဲ့ ပစ္စည်းပေါ်မူတည်ပြီး ချေးငွေလျှောက်ထားနိုင်

ကန်ထရိုက်တာများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ CHID Bank တွင် အာမခံထားရှိသည့် ပစ္စည်းအပေါ် မူတည်ပြီးဆောက်လုပ်ရေးချေးငွေများကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

‎ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(CHID Bank)အနေဖြင့် လုပ်ငန်းလည်ပတ်ရန် ချေးငွေလိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ကန်ထရိုက်တာများကို Construction Loan အား အာမခံထားရှိသည့် ပစ္စည်းအပေါ်မူတည်၍ တွက်ချက်ကာ ချေးငွေထုတ်ချေးပေးမည် ဖြစ်သည်။

‎ချေးငွေရယူလိုသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ကန်ထရိုက်တာများအနေဖြင့် မိမိတို့ထားရှိမည့် အာမခံ ပစ္စည်းတန်ဖိုးအပေါ်တွင် တွက်ချက်၍ ချေးငွေပမာဏကို ချေးပေးမည်ဖြစ်ကြောင်း၊ ချေးငွေအတိုးနှုန်းအနေဖြင့် တစ်နှစ်လျှင် (၁၂) ရာခိုင်နှုန်း သတ်မှတ်ထားပြီး လုပ်ငန်းပရောဂျက်အပေါ်မူတည်၍ ပြန်လည်ပေးဆပ်ကာလကို ထားရှိပေးမည်ဖြစ်သည်။ 

‎CHID Bank ၏ Construction Loan ကို လျှောက်ထားရယူလိုသူများအနေဖြင့် ချေးငွေလျှောက်လွှာနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ဓာတ်ပုံ (၂)ပုံ၊ Audited Financial Statement၊Management Financial Report ၊ Cash Flow အခွန် ပြေစာ(၃)နှစ်၊ (၆)လအတွင်း ရိုက်ကူးထားသည့် မြေပုံရာဇဝင်(ပုံစံ ၁၀၅၊ ၁၀၆)၊ လုပ်ငန်း/ ကုမ္ပဏီနှင့်ပတ်သက်သည့် စာရွက်စာတမ်း အထောက်အထားများ၊ အာမခံပစ္စည်းဓာတ်ပုံများနှင့် အခြားဆက်စပ်စာရွက်စာတမ်းများစသည့် အထောက်အထားများဖြင့်‌ လျှောက်ထားနိုင်ကြောင်း သိရသည်။

အသေးစိတ်သိရှိလိုပါက နီးစပ်ရာ CHID ဘဏ်ခွဲများနှင့် CHID Bank ၏ Call Center ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်သည်။