မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ သင်ယူလျက်ရှိ

နေပြည်တော် မေ ၃

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ ဘာသာရပ်ဆိုင်ရာသင်ခန်းစာများကို အေးချမ်းစွာအနီးကပ်သင်ယူနေမှုများအား လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များ မှာကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား ဘာသာရပ်အလိုက်လေ့ကျင့်သင်ကြားပေးမည့် တက္ကသိုလ်များမှ ပါမောက္ခ၊ဆရာ ဆရာမများအားတွေ့ဆုံကာ ယခုကဲ့သို့ သဘာဝဘေးဒဏ်ခံခဲ့ရ၍ စာမေးပွဲပြန်လည်ဖြေဆိုကြရမည့် ကျောင်းသားကျောင်းသူများ အတွက် စေတနာ မေတ္တာများဖြင့် လာရောက်သင်ကြားပြသပေးနေခြင်းသည် အလွန်မွန်မြတ်သော ပညာဒါနကြီးတစ်ခုပင်ဖြစ်ပါကြောင်း၊ဆရာ ဆရာမများ၊ မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်လေးခုမှ ကျောင်းသား ကျောင်းသူများအားလုံး တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းတိုက်တွန်းနှိုးဆော်ပေးကြစေလိုပါကြောင်းပြောကြားကာ ဆရာ ဆရာမများအား ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းအလိုက် ဘာသာရပ်ဆိုင်ရာ အနီးကပ် သင်ကြားပို့ချပေးနေမှုများကို လိုက်လံကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားသည်။

ထိုမှတစ်ဆင့်ကျောက်ဆည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊မြို့မအခြေခံပညာအထက်တန်းကျောင်း၊ မိတ္ထီလာမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း (ရှမ်းတဲ) ၊အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပျော်ဘွယ်မြို့ အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ စာသင်ခန်းများသို့ သွား ရောက်၍ သင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးကာ တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရခြင်းအခြေအနေ၊ အမှတ်ကောင်းကောင်းဖြင့် အောင်မြင်စေရေး မိဘများက ပံ့ပိုးပေးရန် လိုအပ်မှုအခြေအနေများကို ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်