ငလျင်ဒဏ်ကြောင့် ရထားလမ်းပိုင်းအချို့ ပျက်စီးမှုများအား အမြန်ဆုံးပြင်ဆင်ပြီးစီး၍ ရထားများ ပြန်လည်ပြေးဆွဲပေးလျက်ရှိ
မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် ရထားလမ်းပိုင်းအချို့နေရာများ၌ ပြိုကျ ပျက်စီးမှုများဖြစ်ပွားခဲ့သော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ရထားပြေးဆွဲမှုများကို ယာယီရပ်နားထားခဲ့ရပြီး အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ဧပြီ ၅ ရက်မှစ၍ ရန်ကုန်-နေပြည်တော် - မန္တလေးလမ်းပိုင်းအတွင်း လူစီးရထားများ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပြီဖြစ်သည်။
ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ရန်ကုန်မှ စတင်ထွက်ခွာသည့် အမှတ် (၇)အဆန် ခေတ်မီ DEMU ရထားနှင့် မန္တလေးမှ စတင်ထွက်ခွာသည့် အမှတ်(၂၈)အစုန် လေအိတ် ရထား၊ နေပြည်တော်မှရန်ကုန်သို့ စတင်ထွက်ခွာသည့် အမှတ်(၈)အစုန်ခေတ်မီ DEMU ရထားနှင့် နေပြည်တော်မှ မန္တလေးသို့ စတင်ထွက်ခွာသည့် အမှတ်(၂၇)အဆန် လေအိတ်ရထားများတွင် ခရီးသည်များ အသီးသီးလိုက်ပါစီးနင်းမှုရှိကြောင်း သိရသည်။ ထို့အတူ ရထားပေါ်တွင် စီးနင်းလိုက်ပါလာသည့် သံဃာတော်များအား သက်ဆိုင်ရာနယ်မြေအလိုက် ရထားဝန်ထမ်းများက နေ့ဆွမ်းများ ဆက်ကပ်ခဲ့ကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် လူစီးရထားနှင့် ကုန်ရထားများ ပြေးဆွဲပေးခြင်းကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ အဓိကရထားလမ်းပိုင်းများ ဖြစ်သည့် ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းများ နှင့်ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင်သာမက အခြားလမ်းပိုင်းများတွင်လည်း ရထားများပြေးဆွဲပေးလျက်ရှိပြီး ခရီးသွားပြည်သူများအနေဖြင့် ရထားလက်မှတ်များကို လွယ်ကူစွာဝယ် ယူရရှိနိုင်ရေးအတွက် အထက်တန်းလက်မှတ်အား သုံးရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍လည်းကောင်း ဘူတာရုံများနှင့် လက်မှတ်အရောင်း နေရာများတွင် ကြိုတင်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။