Myanmar Fight မျိုးဆက်သစ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများကို တွဲဆိုင်း ၁၁ ဆိုင်းဖြင့်ကျင်းပ
- 16 views
Myanmar Fight မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူလက်ဝှေ့ရုံ၌ သုံးချီတွဲဆိုင်း ၁၁ ဆိုင်းဖြင့် ကျင်းပရာ ပရိသတ်အကြိုက်ပွဲများဖြစ်ခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲ၌ ကောင်ကြီး (ရန်ကြီးအောင်)နှင့် လယ်တာမလာ (Ray Club)၊ စအိုင်လား (MK-1) နှင့် ကျားမာန်ဟိန်း (M.F.C Club)၊ ဓနု(ဖိုးလပြည့်)နှင့် ရဲမာန်သွေး (Pay Club)၊ ဝမ်းဝမ်း(Eagle Club) နှင့် ဝီလျံ (Holy Power Club)တို့ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ကြသော်လည်း ပူးတွဲသရေကျခဲ့ကြသည်။
ထို့ပြင် နိုင်လင်းစိုး (MK - 1)က ဖိုးခွား (Eagle Club)ကို ဒုတိယအချီတွင် လည်းကောင်း၊ တိုးအောင် (MK - 1)က ဂျွန်ဆိုင်းအောင် (Eagle Club) ကို ပထမအချီတွင်လည်းကောင်း၊ ညီညီနိုင် (Ray Club) က ရန်နိုင် (Eagle Club)ကို ပထမအချီတွင် လည်းကောင်း၊ ကျော်သီဟ (ဝမ်ချုံးကလပ်)က ဇေယျာထွန်း (Eagle Club)ကို ပထမအချီတွင် လည်းကောင်း၊ အောင်အောင်ဟိန်း (M.F.C Club) က မင်းခန့် (Eagle Club)ကို တတိယအချီတွင်လည်းကောင်း၊ စောမိုက်တီး (အီတလီ)(Lethwei Warrior Club)က မင်းမင်း (Eagle Club)ကို တတိယအချီတွင် လည်းကောင်း၊ မိုက်ခဲ (Eagle Club)က ကျွဲကြီး (ဝမ်ချုံးကလပ်)ကို တတိယအချီတွင်လည်းကောင်း အလဲထိုးဖြင့် အသီးသီးအနိုင်ရရှိကြသည်။
အဆိုပါပြိုင်ပွဲကို မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က အဓိကပံ့ပိုးကူညီပြီး မြန်မာ နိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် လက်ဝှေ့ပွဲများစီစဉ်သည့် MMAG ကုမ္ပဏီတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း၊ ယခုနှစ် မတ်လမှစ၍ မျိုးဆက်သစ်ရိုးရာလက်ဝှေ့ပွဲများကို လစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။