Smart Farm Korea 2025 (SFKOREA 2025 ) ပြပွဲ ကျင်းပမည်
- 8 views
ကိုရီးယားသမ္မတနိုင်ငံ၏Gyeongsangnam-do ပြည်နယ်၊ Changwon မြို့ရှိ Changwon Convention Center (CECO) ၌ Smart Farm Korea 2025 (SFKOREA 2025 ) ကို ၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ကိုရီးယားနိုင်ငံထုတ် Smart Farming ဆိုင်ရာ နည်းပညာနှင့်ကုန်စည်များဝယ်ယူလိုသည့် မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်တက်ရောက် နိုင်ကြောင်း သိရှိရသည်။
အဆိုပါပွဲကို လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်၍ Smart Farming အတွက် လိုအပ်သော နည်းပညာအမျိုးမျိုးကို မိတ်ဆက်ပေးရန်နှင့် အနာဂတ်လယ်ယာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်နိုင်မည့် လယ်သမားများကို အကူအညီပေးရန်အတွက် Smart Farm Korea 2025 (SFKOREA 2025) ကို ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။ပြပွဲသို့ ကုမ္ပဏီစုစုပေါင်း (၁၂၀) ခန့်မှ ပြခန်း (၄၀၀) အား လာရောက်ခင်းကျင်း ပြသမည်ဖြစ်ပြီး ဧည့်သည် (၂၀၀၀၀) ခန့် တက်ရောက်မည်ဖြစ်ကြောင်း၊ ပြပွဲတွင် အနာဂတ်လယ်ယာ စိုက်ပျိုးရေးသုံးနည်းပညာများ၊ Smart Factory အတွက် လိုအပ် သော စက်ကိရိယာများ (ဥပမာ-လယ်ယာလုပ်ငန်းသုံး အလိုအလျောက်ရွေ့လျား/ အလုပ်လုပ်နိုင်သော စက်ပစ္စည်းများ၊ လယ်ယာ လုပ်ငန်းသုံးစက်ရုပ်များနှင့်ဒရုန်းများ၊ တစ်နှစ်ပတ်လုံး အပင်များစိုက်ပျိုးနိုင်ရေး ထိန်းချုပ်မှုများ ပြုလုပ်နိုင်သည့် အလုံပိတ်အခန်းငယ်များ (Plant Factories) စသည်တို့)၊ လူငယ်များ လယ်ယာ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေး ဆွေးနွေးအကြံပြုမှုများ၊ လယ်ယာလုပ်ငန်းနှင့်မွေးမြူရေးလုပ်ငန်းများမှ စားသောက်ကုန်များ၊ မြို့ပြစိုက်ပျိုးမှုစနစ်များ၊ အသိပညာပေးရေးအစီအစဉ်များ(ဥပမာ-တိရစ္ဆာန်နှင့် အပင်ရောဂါစီမံခန့်ခွဲမှုများ၊ Smart Farm များ လေ့လာခြင်းဆိုင်ရာအသိပညာနှင့် ICT ဆိုင်ရာ အသိပညာများ) စသည်တို့ကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းသိရသည်။
Smart Farm Korea 2025 (SFKOREA 2025) တွင် ခင်းကျင်းပြသမည့် ကိုရီးယား ကုန်စည်နှင့်နည်းပညာများကို ဝယ်ယူလိုသည့် မြန်မာနိုင်ငံမှ Buyers များ၊ ရင်းနှီးမြှုပ်နှံလိုသူများ၊ Smart Farming ကဏ္ဍမှ ကျွမ်းကျင်ပညာရှင်များနှင့် အစိုးရအဖွဲ့အစည်းများမှ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာသုတေသနပညာရှင်များကို ဖိတ်ကြားလိုပါကြောင်း၊ ကိုရီးယားကုန်စည်နှင့် နည်းပညာများကို ဝယ်ယူရန် တက်ရောက်မည်ဆိုပါက Buyers များသည် ရောင်းသူများနှင့် ဆွေးနွေးညှိနှိုင်းမှုများ (“Business Matching” Program) တွင် ပါဝင် တက်ရောက်ရမည်ဖြစ်ကြောင်း၊ Buyers များအတွက် အသွား/အပြန် လေယာဉ်လက်မှတ်နှင့် (၂) ရက်တာ တည်းခိုစရိတ်တို့ကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ Buyers အဖြစ်မဟုတ်ပဲ ဆွေးနွေးပွဲ၌ ဆွေးနွေးပြောကြားမည့်ပုဂ္ဂိုလ် (Speaker) အဖြစ် တက်ရောက်မည်ဆိုပါက (၂) ရက်တာ တည်းခိုစရိတ်ကိုသာ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ယင်းသို့ ထောက်ပံ့ပေးသင့်/မသင့်ကိုလည်း လျှောက်ထားလာသော လျှောက်လွှာကို Smart Farm Korea (SFKOREA) Secretariat က စိစစ်အတည်ပြုမည်ဖြစ်ကြောင်းနှင့် Smart Farm Korea 2025 (SFKOREA 2025) တွင် Buyers (သို့မဟုတ်) Speaker အဖြစ် တက်ရောက်ရန် စိတ်ဝင်စားပါက Buyer Registration Form တွင် အချက်အလက်များ ဖြည့်သွင်း၍ မိမိတို့၏ Business Card နှင့်အတူ ၂၅-၄-၂၀၂၅ ရက်နေ့နောက်ဆုံးထား၍ Smart Farm Korea (SFKOREA) Secretariat ၏ E-mail (yeon0225@jm-fair.com) သို့ ပေးပို့ရမည်ဖြစ်ကြောင်း၊ အဆိုပါပြပွဲသို့ ပါဝင်တက်ရောက်ပြသ လိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: event.td. myantrade@gmail.com သို့ ဆက်သွယ် စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သိရှိရသည်။